Matthew မုန်တိုင်း ကျူးဘားကို ဝင်တော့မယ်။

  • 5 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ငလျင်ဒဏ်နဲ့ ကာလဝမ်းရောဂါဒဏ်ကြောင့် နလံ မထူနိုင်သေးတဲ့ ဟေတီကို ဟာရီကိန်း မုန်တိုင်း ဝင်တိုက်

ကယ်ရစ်ဘီယန်ဒေသမှာ ဆယ်စုနစ်တခုနီးပါးအတွင်း အားအပြင်းဆုံး ဟာရီကိန်း မုန်တိုင်းကြီး ဟေတီနိုင်ငံကို ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။

Matthew ဟာရီကိန်းလို့ အမည်ပေးထားတဲ့ အဲဒီမုန်တိုင်းဟာ ဟေတီနိုင်ငံ ကို ပြင်းအား တနာရီ ၁၄၅မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့ရာမှာ မိုးသည်းထန်မှု၊ မြေပြိုမှုတွေ ဖြစ်ခဲ့ပြီး လှိုင်းလုံးကြီးတွေ မြင့်တက်ခဲ့ပါတယ်။

မုန်တိုင်းဒဏ်ကြောင့် Port-au-Prince မြို့တော် နဲ့ ဆက်သွယ်ထားတဲ့ တံတားကြီး ပြိုကျသွားခဲ့ပြီး နိုင်ငံတောင်ပိုင်းနဲ့ လုံးဝ အဆက်ပြတ်သွားခဲ့ပါတယ်။

နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်း Les Cayes မြို့မှာ မိုးတွေ အရမ်းရွာ၊ လေပြင်းတွေ တိုက်နေပြီး သွပ်မိုးတွေနဲ့ မိုးထားတဲ့ အဆောက်အအုံတွေ အားလုံး အမိုးတွေ လွင့်ထွက်ကုန်ကြောင်း၊ အသေအချာ ဆောက်မထားတဲ့ အိမ်ငယ်လေးတွေ အတော်များများလည်း ပြိုလဲ ပျက်စီးကုန်ကြောင်း မြို့တော်ဝန် Jean Gabriel Fortune’ က ဘီဘီစီကို ပြောပြပါတယ်။

ဟေတီနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတခု ဖြစ်ပါတယ်။ လူဦးရေ ၁၁သန်းထဲက အတော်များများဟာ ရေကြီးမှု ဒဏ်ကို မကြာခဏ ခံရလေ့ ရှိတဲ့ အနောက်ဘက် ကမ်းရိုးတန်း ဒေသတွေမှာ ယိုင်နဲ့နဲ့ အိမ်စုတ်လေးတွေနဲ့ နေထိုင်နေကြတာ ပါ။

လေပြင်းဒဏ်နဲ့ မုန်တိုင်းကြောင့် လျှံတက်လာတဲ့ လှိုင်းလုံးကြီးတွေ ဒဏ်ကနေ မလွတ်နိုင်မှန်းသိပေမယ့် လူအတော်များများက သူတို့အိမ်လေးတွေကို စွန့်ပြီး ပြေးရင် ရှိတာလေးတွေ အခိုးခံရမယ် ဆိုပြီး ဘယ်မှ မပြေးပဲ ကိုယ့်အိမ်တွေမှာပဲ ဇွတ်နေနေခဲ့ကြပါတယ်။

အခုအခါ ကမ်းရိုးတန်းမှာ ရှိတဲ့ မြို့အတော်များများ ရေလွှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ လူအတော်များများက သူတို့ကို လာကယ်ထုတ်ဖို့ အကူအညီ တောင်းနေကြပေမယ့် ဘယ်လိုမှ သွားမကယ်နိုင်တော့ဘူးလို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အတိုင်းအတာကို အတိအကျ မသိရသေးပေမယ့် သေဆုံးသူ အရေအတွက် များမယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ဟေတီနိုင်ငံဟာ ၂၀၁၀ ခုနှစ်တုန်းက ငလျင်ဒဏ်ကြောင့် လူပေါင်း ၂သိန်းကျော် သေဆုံးခဲ့ရသလို အဲဒီနောက် ကာလဝမ်း ရောဂါဆိုးကြီး ဖြစ်ခဲ့တာကြောင့် နာလံ မထူနိုင်သေးပဲ ဖြစ်နေချိန်မှာပဲ အခုဒီ Matthew ဟာရီကိန်းကြီး ဝင်တိုက်ခဲ့တာပါ။

ပြင်းအားအဆင့် ၄ သတ်မှတ်ထားတဲ့ အဲဒီမုန်တိုင်းဟာ အခုအခါမှာတော့ ဟေတီနိုင်ငံ အနောက်ပိုင်းကနေ ကျူးဘားနိုင်ငံ အရှေ့ဘက်ပိုင်းနား ရောက်လာနေပြီ ဖြစ်ပြီး မုန်တိုင်းရဲ့ ဗဟိုချက်နားတဝိုက်က မိုးကြိုးမုန်တိုင်းတွေ ကျုးဘားနိုင်ငံ အရှေ့စွန်းနားကို စတိုက်နေပါပြီ။

ကျူးဘားနိုင်ငံအရှေ့ပိုင်းက ပြည်နယ် ၆ခုမှာ ဟာရီကိန်း မုန်တိုင်း အန္တရာယ် နှိုးဆော်ချက်တွေ ထုတ်ထားပြီး ကုန်းနိမ့်ပိုင်းက လူတွေကို အခုအခါ ရွှေ့ပြောင်းပေးနေပါတယ်။

မုန်တိုင်း ဝင်တိုက်နိုင်မယ့် နေရာရဲ့ ကီလိုမီတာ ၈၀ လောက်အကွာမှာ ရှိတဲ့ ဂွမ်တာနာမို အကျဉ်းစခန်းက အမေရိကန် စစ်မှုထမ်းတွေရဲ့ မိသားစုဝင် ၇၀၀လောက်ကိုလည်းလေယာဉ်နဲ့ ကယ်ထုတ်ထားပြီး ဖြစ်ပါတယ်။

တခါ အမေရိကန်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်း ကိုလည်း ဟာရီကိန်း မုန်တိုင်း အခုသီတင်းပတ် နှောင်းပိုင်းမှာ ဝင်တိုက်နိုင်မယ်လို့ ခန့်မှန်းထားတဲ့အတွက် ဖလော်ရီဒါ၊ South Carolina နဲ့ North Carolina က နေရာတချို့မှာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။