ရှာရာပိုဗာ ပွဲပယ်ပြစ်ဒဏ်ကို အယူခံရုံးက လျှော့ချပေး

  • 4 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ရှာရာပိုဗာ ၂၀၀၄ ခုနှစ်က ၁၇ နှစ်အရွယ်နဲ့ ဝင်ဘယ်ဒန် ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ဂရန်းဆလမ်း ချန်ပီယံ ဖြစ်တဲ့အထိ အောင်မြင်ခဲ့။

တားမြစ်ဆေး သုံးစွဲမှုကြောင့် ၂နှစ် ကစားခွင့် ပိတ်ပင် ခံထားရတဲ့ ရုရှားသူ တင်းနစ်မယ် မာရီယာ ရှာရာပိုဗာကို အယူခံ တရားရုံးက ပွဲပယ် ၁၅ လ သာ ပေးဖို့ လျှော့ချ သတ်မှတ် လိုက်ပါတယ်။

ဂရန်းဆလမ်း ချန်ပီယံ ၅ ကြိမ် ဖြစ်ဖူးတဲ့ ၂၉ နှစ်အရွယ် ရှာရာပိုဗာကို ၂၀၁၆ သြစတြေးလျ အိုးပင်း ပြိုင်ပွဲအတွက် ဆေးစစ်မှု ခံယူစဉ် Meldonium ဆေးသုံးထားကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပြီး သူ့ကို နိုင်ငံတကာ တင်းနစ် အဖွဲ့ချုပ်က ပွဲပယ် ပြစ်ဒဏ် ၂ နှစ် ချမှတ် ထားခဲ့တာပါ။

အခုတော့ အယူခံ တရားရုံးက ၁၅ လ အထိ လျှော့ပေးခဲ့တဲ့အတွက် ၂၀၁၇ ဧပြီလမှာ တင်းနစ် ပြန်ကစားခွင့် ရတော့မှာ ဖြစ်ပါတယ်။

နှလုံး အားနည်းသူတွေ သုံးတဲ့ အဲဒီ Meldonium ဆေးကို တားမြစ်ဆေး အဖြစ် ၂၀၁၆ ဇန်နဝါရီ ၁ ရက်နေ့မှာ သတ်မှတ် ပိတ်ပင် ခဲ့တာပါ။

ရှာရာပိုဗာက အဲဒီ ဆေးကို ၂၀၀၆ ခုနှစ်ကတည်းက ကျန်းမာရေး အတွက် သုံးစွဲနေခဲ့တာ ဖြစ်ပြီး တားမြစ်ဆေး အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့တာကို မသိခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ