တူရကီ ရဲတပ်ဖွဲ့ဝင် ၁၃,၀၀၀ ကို တာဝန် ရပ်စဲ

  • 4 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အာဏာသိမ်းဖို့ ကြိုးပမ်းမှု ဖြစ်ပွားပြီးပြီးချင်း မှာလည်း ထောင်နဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တာဝန် ရပ်စဲခဲ့။

တူရကီ နိုင်ငံမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူလို့ သံသယရှိသူ အမေရိကန် အခြေစိုက် မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်နဲ့ အဆက်အစပ် ရှိတယ် ဆိုတဲ့ စွဲချက်နဲ့ ရဲတပ်ဖွဲ့ဝင် တစ်သောင်း သုံးထောင် နီးပါးကို အစိုးရက တာဝန်ကနေ ရပ်စဲလိုက်ပါတယ်။

တာဝန်ကနေ ရပ်ဆိုင်း ခံရတဲ့ အဲဒီ ရဲတပ်ဖွဲ့ဝင်တွေထဲမှာ နှစ်ထောင့် ငါးရာကျော်က ရဲမှူးတွေ ဖြစ်တယ်လို့ တူရကီ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အာဏာသိမ်းဖို့ ကြိမ်းပမ်းမှု ဖြစ်ပွားခဲ့တဲ့ ဇူလိုင်လ နောက်ပိုင်း အလုပ်ထုတ် ခံရတဲ့၊ တာဝန် ရပ်စဲခံရတဲ့ အစိုးရ ဝန်ထမ်းပေါင်း တစ်သိန်းလောက် ရှိခဲ့ရာမှာ အခုတစ်ခါ အဲဒီ ရဲတပ်ဖွဲ့ဝင်တွေကို တာဝန် ရပ်ဆိုင်းမှု ထပ်မံ ပေါ်ပေါက် လာတာပါ။

အမေရိကန် အခြေစိုက် မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် မစ္စတာ ဂူလန် ကတော့ တူရကီ အစိုးရက စွပ်စွဲသလို အဲဒီ အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ သူနဲ့ သူ့ကို ထောက်ခံသူတွေ ပါဝင် ပတ်သက်ခဲ့တယ် ဆိုတာ မဟုတ်မှန်ကြောင်း ငြင်းဆို ထားပါတယ်။

တူရကီ အစိုးရ အနေနဲ့လည်း အဲဒီ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို အကြောင်းပြပြီး သူ့အတိုက်အခံတွေကို ဖယ်ရှားနေတာ ဆိုတဲ့ စွဲချက်တွေ ပေါ်ပေါက်နေရာမှာ တူရကီ အစိုးရကတော့ ငြင်းဆိုပါတယ်။

အာဏာသိမ်းဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်ကြောင်း သက်သေ အထောက်အထား မတွေ့ရသူတွေကိုတော့ ပြန်လွှတ်ပေးဖို့ တူရကီ အစိုးရက ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ