ဟာရီကိန်းကြောင့် ဟေတီမှာ လူသောင်းချီ နေရပ်စွန့်ခွာရ

  • 5 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အပျက်အစီး အသေအပျောက် စာရင်း အတိအကျ မသိရသေး။

ဆယ်နှစ်နီးပါး အတွင်း ကာရစ်ဘီယံ ဒေသမှာ အင်အား အပြင်းဆုံး ဖြစ်တဲ့ မက်သယူး ဟာရီကိန်းကြောင့် ဟေတီ နိုင်ငံက လူ ထောင်ပေါင်းများစွာ နေရပ် ပြောင်းရွှေ့ ခဲ့ရသလို မုန်တိုင်းဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ နေရာတွေကိုလည်း သွားရောက်ဖို့ အခက်ကြုံနေတယ်လို့ သိရပါတယ်။

မက်သယူး ဟာရီကိန်းဟာ တစ်နာရီ ၁၄၅ မိုင်နှုန်းနဲ့ အင်္ဂါနေ့က ဟေတီ နိုင်ငံကို ဝင်ရောက်ခဲ့တာ ဖြစ်ပြီး အနည်းဆုံး လူ ၂ ဦး သေဆုံးတယ်လို့ ဆိုပေမယ့် သေဆုံးသူ အရေအတွက် တိုးလာဖွယ်လည်း ရှိနေပါတယ်။

၂၀၁၀ ခုနှစ်တုန်းက ငလျင်ဒဏ်ကြောင့် ဟေတီမှာ လူပေါင်း ၂သိန်းကျော် သေဆုံးခဲ့ရသလို အဲဒီနောက် ကာလဝမ်း ရောဂါဆိုးကြီး ဖြစ်ခဲ့တာကြောင့် နာလံ မထူနိုင်သေးဘဲ ဖြစ်နေချိန်မှာပဲ အခုဒီ မက်သယူး ဟာရီကိန်းနဲ့ ထပ်ကြုံခဲ့ရတာပါ။

အနည်းဆုံး လူ တစ်သောင်းကို အမိုးအကာ ပေးထားရပြီး ဆေးရုံတွေမှာ လူတွေ ပြည့်လျှံနေကာ သောက်သုံးရေ ပြတ်လပ်တာတွေလည်း ကြုံနေရတယ်လို့ ဟေတီ နိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ ကိုယ်စားလှယ်က ပြောပါတယ်။

မုန်တိုင်းဒဏ်ကြောင့် ပို့တ် အော် ပရင့်စ် မြို့တော်နဲ့ ဆက်သွယ်ထားတဲ့ တံတားကြီး ပြိုကျခဲ့သလို တခြား လမ်းပန်း ဆက်သွယ်ရေးတွေလည်း ပျက်စီးကုန်တဲ့အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေကို နှောင့်နှေး နေစေပါတယ်။

ဟေတီကို ဝင်ရောက်ပြီးနောက် မသိမသာ အားပျော့သွားတဲ့ မက်သယူး ဟာရီကိန်းဟာ ကျူးဘား မြောက်ပိုင်းနဲ့ ဘဟားမား တောင်ပိုင်းကိုလည်း ဝင်ရောက် တိုက်ခတ်ခဲ့ပြီး အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့ဘက် ကမ်းရိုးတန်း ဒေသတွေဆီ ဦးတည် နေပါတယ်။

တောင်ကာရိုလိုင်းနား ပြည်နယ်မှာတော့ လူ တစ်သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း ပေးနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ