မက်သရူး ဟာရီကိန်း ဒဏ်က လွတ်ဖို့ ဖလော်ရီဒါကနေ လူတွေ သိန်းချီ ပြေးရှောင်နေ

  • 6 အောက်တိုဘာ 2016
_hurricane_matthew
Image caption မုန်တိုင်းဒဏ် ခံနိုင်ဖို့ အိမ် တံခါးပေါက်တွေ ပြတင်းပေါက်တွေမှာ သုံးထပ်သားပြားတွေ ရိုက်ပြီး ကြိုတင်ပြင်ဆင်နေ။

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်မှာ ဟာရီကိန်း မက်သယူး မုန်တိုင်း ကျရောက် တော့မှာ ဖြစ်တဲ့ အတွက် မကြုံစဖူး အကြီးမားဆုံး ပမာဏနဲ့ လူတွေ ရွှေ့ပြောင်း နေရတယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှုး က ပြောပါတယ်။

အရှေ့ဘက် ကမ်းရိုးတန်း တလွှား ဖလော်ရီဒါ ကနေ တောင်ကာရိုလိုင်းနား ပြည်နယ်ကြား ဆက်သွယ် ထားတဲ့ ကားလမ်းတွေပေါ်မှာ မုန်တိုင်းလွတ်ရာ ပြေးကြသူတွေ ရဲ့ ကားတန်းတွေနဲ့ ပြည့်ကြပ် နေပါတယ်။

ကြာသပတေးနေ့ နှောင်းပိုင်း အချိန်မှာ ဟာရီကိန်း မက်သယူး ဖလော်ရီဒါ ပြည်နယ်ထဲ ဝင်ရောက် လာမယ်လို့ ခန့်မှန်း ထားပါတယ်။

ဟေတီနဲ့ ကျူးဘား နိုင်ငံတွေကို တိုက်ခတ် ခဲ့ပြီ ဖြစ်တဲ့ ဟာရီကိန်း မက်သယူး ဟာ လတ်တလော မှာတော့ ဘဟားမား ထဲ ဝင်ရောက် နေပြီး၊ အဲဒီ့မှာ လေကြောင်းနဲ့ ရေကြောင်း ခရီးစဉ် အားလုံး ဆိုင်းငံ့ ထားပါတယ်။

လူတွေကိုလည်း ဘေးလွတ်ရာ ကုန်းမြင့် တွေပေါ် တက်နေကြဖို့ သတိပေး ထားပါတယ်။

မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဟေတီမှာ အပျက်အစီး ဘယ်လောက် များခဲ့သလဲ ဆိုတာကို သိနိုင်ဖို့ အကူအညီပေးရေး အဖွဲ့တွေ စောင့် နေရဆဲ ဖြစ်ပြီး၊ ဟေတီ တနိုင်ငံလုံး နီးပါး ဆက်သွယ်ရေး တွေ ပြတ်တောက် နေပါတယ်။

လာမယ့် တနင်္ဂနွေ နေ့ ကျင်းပဖို့ စီစဉ် ထားတဲ့ ဟေတီ သမ္မတ ရွေးကောက်ပွဲကိုလည်း ရွှေ့ဆိုင်း လိုက်ရပါတယ်။

ကျူးဘားမှာလည်း မုန်တိုင်းဒဏ်ကြောင့် လမ်းတွေ ပိတ်ဆို့ နေပေမယ့် လူ အသေအပျောက် မရှိခဲ့ဘူးလို့ အစိုးရက ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ