မြန်မာ စစ်တပ် ပြုပြင်မှု အမေရိကန် စစ်တပ် ကူညီမယ်

ဓာတ်ပုံ ရင်းမြစ်, AP
အမေရိကန် စစ်တပ် ထိပ်တန်း အရာရှိတွေ နဲ့ မြန်မာ့ တပ်မတော်က ထိပ်တန်း ခေါင်းဆောင်တွေလည်း မကြာခဏ တွေ့ဆုံ ခဲ့ကြ
မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့ မာစီရယ် ကို ဘီဘီစီ က သီးသန့် တွေ့ဆုံ ခွင့် ရခဲ့ရာမှာ နှစ်နိုင်ငံ စစ်တပ် ဆက်ဆံရေး ကို အဓိက ထား ဖြေကြား ခဲ့ပါတယ်။
မြန်မာ နဲ့ အမေရိကန် နှစ်နိုင်ငံ စစ်တပ် ဆက်ဆံရေး က ပိုပြီး နီးကပ်မှုတွေ ရှိလာ တယ်လို့ ပြောပါတယ်။
အမေရိကန် စစ်တပ် ထိပ်တန်း အရာရှိတွေ နဲ့ မြန်မာ့ တပ်မတော်က ထိပ်တန်း ခေါင်းဆောင်တွေလည်း မကြာခဏ တွေ့ဆုံ ခဲ့ကြပါတယ်။
မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စီးပွားရေး တိုးတက်မှု လုပ်ငန်းစဉ် နဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ မှုတွေကို အမေရိကန် က ကူညီ ပံ့ပိုး ပေးမှာ ဖြစ်တယ်လို့ သံ အမတ်ကြီး စကော့ မာစီရယ်က ပြောပါတယ်။
မြန်မာ့ တပ်မတော် ဟာ ငြိမ်းချမ်းရေး နဲ့ ဒီမို ကရေစီ ပြုပြင် ပြောင်းလဲမှု တွေမှာ ကဏ္ဍ တရပ် ကနေ ပါဝင် နေတယ်လို့လည်း သံအမတ်ကြီး က ဆိုပါတယ်။
ဒါပေမယ့် မြန်မာ့ တပ်မတော် နဲ့ အမေရိကန် စစ်တပ် ရဲ ထိတွေ့ ဆက်ဆံမှုဟာ အကန့်အသတ် နဲ့ပဲ ရှိနေတယ်လို့ မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး က ပြောပါတယ်။
လက်ရှိ ထိတွေ့ ဆက်ဆံမှု ကို အသုံးပြုပြီး တပ်မတော် ပြုပြင်ပြောင်းလဲရေး နောက်ထပ် လုပ်ဆောင် အားပေး တဲ့ အနေနဲ့ ပစိဖိတ် စစ်ဌာနချုပ်က ဒုတိယ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အန်တိုနီ ခရပ်ခ်ျဖီးလ် လာရောက် ခဲ့ပါတယ်။
အဲဒီ ခရီးစဉ် ကလည်း အမေရိကန် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲ့ မြန်မာ နိုင်ငံကို တတိယ အကြိမ်မြောက် လာရောက်တဲ့ ခရီးစဉ် ဖြစ်ပြီး တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း နဲ့ တွေ့ဆုံ ခဲ့ကြပါတယ်။
နှစ်နိုင်ငံ စစ်တပ် ခေါင်းဆောင်တွေ တွေ့ဆုံခဲ့စဉ်မှာ တပ်မတော် ပြုပြင် ပြောင်းလဲရေး နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဆွေးနွေး ခဲ့ကြတယ်လို့ မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး က ပြောပါတယ်။
ပြီးတော့ မြန်မာ့ တပ်မတော် က အရာရှိတွေကို အမေရိကန် ပြည်ထောင်စု က West Point စစ် တက္ကသိုလ်မှာ သင်တန်းပေးတာမျိုးလည်း မရှိဘူးလို့ အမေရိကန် ဘက် က ပြောပါတယ်။
စစ်ဘက် အရပ်ဘက် ဆက်ဆံရေး၊ နိုင်ငံတကာ ဥပဒေ စတာတွေကို မြန်မာ တပ်မတော် အရာရှိတွေကို သင်တန်း ပေးနေပြီး လက်နက် ရောင်းချ တာမျိုးတွေ တော့ မရှိသေးဘူးလို့ သိရပါတယ်။