အမေရိကန် သမ္မတလောင်း နှစ်ဦး ဒုတိယ အကြိမ် မျက်နှာချင်းဆိုင် စကား စစ်ထိုးဦးမယ်

အမေရိကန် သမ္မတလောင်း ထရမ့် ဟီလာရီ
ဓာတ်ပုံ ပုံစာ,

သမ္မတဟောင်း ကလင်တန်ရဲ့ ကျူးလွန်မှုတွေကို ဟီလာရီ သိနေတယ် လို့ ထရမ့် ပြောလိမ့်မယ်

အမေရိကန် ပြည်ထောင်စုမှာ ပြိုင်ဘက် သမ္မတလောင်း နှစ်ဦးရဲ့ ဒုတိယ အကြိမ် မျက်နှာချင်းဆိုင် စကား စစ်ထိုးပွဲဟာ မကြာခင် နာရီ အနည်းငယ် အတွင်း မှာပဲ စတင် တော့မှာ ဖြစ်ပါတယ်။

မစ်ဇူရီ ပြည်နယ်၊ စိန့် လူးဝစ် မြို့မှာ စကား စစ်ထိုးပွဲ ပြုလုပ်မှာ ဖြစ်ပြီး ရုပ်မြင်သံကြား ကနေ တိုက်ရိုက် တင်ဆက် မှာ ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ အမျိုးသမီးတွေ အပေါ် လိင်ပိုင်း ဆိုင်ရာ ကျုးလွန် စော်ကားတဲ့ မှတ်ချက် စကားတွေ ပြောဆိုခဲ့တယ် ဆိုတဲ့ အချက် ပေါ်ထွက် လာခဲ့ပြီး ပြစ်တင် ဝေဖန်သံတွေ ဆူဆူညံညံ ထွက်ပေါ် လာစေတဲ့ အတွက် ဒီ ကိစ္စနဲ့ စပ်လျှင်းပြီး အခု စကား စစ်ထိုးပွဲမှာ မစ္စတာ ထရမ့်ဘက်က တုံ့ပြန် ဖြေရှင်း သွားမယ်လို့ ရီပတ်ဘလစ်ကင် ပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့က ဆိုပါတယ်။

မစ္စတာ ထရမ့်ဟာ သူ့ရဲ့ ပြောစကား အတွက် ထပ်မံ ပြီး တောင်းပန်ဦးမှာ ဖြစ်သလို၊ ပြိုင်ဘက် သမ္မတ လောင်း ဟီလာရီ ကလင်တန်ရဲ့ ခင်ပွန်း သမ္မတဟောင်း ဘီလ် ကလင်တန် ကျုးလွန်ခဲ့တယ် လို့ စွပ်စွဲမှုတွေ ရှိနေတဲ့ လိင်ပိုင်း ဆိုင်ရာ မဖွယ်မရာ ပြုမူ ခဲ့တာတွေ ကိုလည်း ထုတ်ဖော် ပြောဆို လိမ့်မယ်လို့လည်း ရီပတ်ဘလစ်ကင် အောင်နိုင်ရေး အဖွဲ့က ပြောပါတယ်။

သမ္မတဟောင်း ကလင်တန်ရဲ့ ကျူးလွန်မှုတွေကို ဟီလာရီ သိနေတယ် လို့လည်း ဒေါ်နယ်ထရမ့် က ပြောဆို လိမ့်မယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေ နဲ့ ပတ်သက်ပြီး သူ ကျုးလွန် ခဲ့တာတွေကို ကြွားဝါ ပြောဆို နေတဲ့ လွန်ခဲ့တဲ့ ၁ဝနှစ် က မှတ်တမ်း ထွက်ပေါ် လာခဲ့တဲ့နောက် ရီပတ်ပလစ်ကင် ပါတီ တွင်းမှာကို နောက်ထပ် ဝါရင့် ထိပ်သီး ခေါင်းဆောင် အယောက် ၂ဝ ကျော်က ဒေါ်နယ်ထရမ့်ကို မထောက်ခံ နိုင် တော့ဘူး လို့ ဖွင့်ဟ ပြောဆို လာခဲ့ကြ ပါတယ်။