ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဥပဒေကြောင်း အရ တိုက်ခိုက်မှု ပြင်းထန်လာ

US election
ဓာတ်ပုံ ပုံစာ,

ရီပါဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ်ပ် လက်ရှိ ဇနီး မယ်လာနီယာ

လာမယ့် အင်္ဂါနေ့မှာ ကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲ အကြိုစစ်တမ်း တွေမှာ သမ္မတလောင်း နှစ်ယောက်ဟာ ခန့်မှန်းထားကြတာတွေထက် မတိမ်းမယိမ်း ရှိနေပြီး ရီပါဘလစ်ကန် ပါတီဖက်က မဲဆွယ်မှုတွေကို အရှိန်မြင့် လုပ်လာနေပါတယ်။

အရင်တုန်းက ရီပါဘလစ်ကန် ပါတီ အတွင်းမှာ ပြိုင်ဖက် ဖြစ်ခဲ့တဲ့ အထက်လွှတော်အမတ် တက်ဒ် ခရူဇ်က အိုင်အိုဝါ ပြည်နယ်မှာ လူထု အစည်းအဝေး တခုကို တက်ပြီးတော့ ဒေါ်နယ် ထရမ့် အတွက် မဲဆွယ် စည်းရုံး ပေးခဲ့ပါတယ်။

ပင်ဆယ်ဗေးနီးယား ပြည်နယ်မှာ မစ္စတာ ထရမ်ပ် ဇနီး မဲလာနီယာ က မဲဆွယ်ပွဲမှာ ထူးထူးခြားခြား တက်ပြီးမိန့်ခွန်းပြောခဲ့ရာမှာ အမျိုးသမီးတွေရဲ့ နေ့စဉ် လူမှုဘ၀ မြှင့်တင်ပေးဖို့ ကျမလည်း ပါဝင် ကြိုးစားပေးချင်ပါတယ်လို့ ဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် မစ္စတာ ထရမ်ပ် သမီးဖြစ်သူ အိုင်ဗန်ကာ ကလည်း ဖခင် ကိုယ်စား စကားပြောခဲ့ပါတယ်။

သမ္မတလောင်း နှစ်ယောက် စလုံးဟာ အကြိတ်အနယ် အရှိဆုံး ပြည်နယ်တွေကို အဓိက ပစ်မှတ် ထားမဲဆွယ်ခဲ့ကြပြီး မြောက် ကယ်ရိုလိုင်းနား ပြည်နယ်မှာ ဒီမိုကရက် သမ္မတလောင်း ဟီလာရီ ကလင်တန်က ထရမ်ပ်သာ သမ္မတ ဖြစ်ရင် ဘယ်လို ဘ၀တွေ ရောက်ကုန်ကြမလဲ စဉ်းစားကြည့်ကြပါလို့ လူထုကို ပြောခဲ့သလို သမ္မတ အိုဘားမားကလည်း ဖလော်ရီဒါ ပြည်နယ်က လူငယ် မဲဆန္ဒရှင်တွေကို ဒီမိုကရေစီ ရည်မှန်းချက်တွေ အတွက် ဟီလာရီကို မဲပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပါတီကြီး နှစ်ခုကြား ဥပဒေကြောင်း အရ တိုက်ခိုက် ယှဉ်ပြိုင်မှု ပြင်းထန်လာနေပါတယ်။

ရွေးကောက်ပွဲနေ့ကျရင်လှည့်လှည်ကြည့်ရှုစစ်ဆေးနိုင်ခွင့်နဲ့ပတ်သက်ပြီး ပင်ဆယ်ဗေးနီးယာပြည်နယ် ဥပဒေ တရပ်ကို တရားသူကြီး တယောက်က အရင်အတိုင်းပဲဆက်ကိုင်စွဲထားတဲ့အတွက် ဒီမိုကရက်တစ် ကို အားပေးထောက်ခံတဲ့ နေရာတွေမှာ ရီပါဘလစ်ကန်ဘက်ကလူတွေ လေ့လာစောင့်ကြည့်ဖို့ ခက်ခဲသွားပါတယ်။

မစ္စတာ တရမ်ပ် ကို ထောက်ခံသူတွေကလည်းအရင်က မှတ်ပုံတင်ထားတဲ့ လှုပ်ရှားတက်ကြွသူတွေသာ မဲပေးမှုကို စောင့်ကြည့်နိုင်တယ် ဆိုတဲ့ စည်းမျဉ်းကို ရုပ်သိမ်းပေးဖို့ ကြိုးပမ်း နေကြပါတယ်။

ဒီရွေးကောက်ပွဲဟာ မဲမသမာမှုတွေ ရှိလိမ့်မယ်လို့ မစ္စတာ တရမ်ပ် က ပြစ်တင် ပြောဆိုခဲ့ပြီး မဲလိမ်မယ့် အရိပ် လက္ခဏာ တွေကို စောင့်ကြည့်ကြပါလို့ ရီပတ်ဘလစ်ကန်တွေကို တိုက်တွန်းထားပါတယ်။

ဒီလိုလုပ်တာဟာ မဲပေးသူတွေကို ခြိမ်းခြောက်သလို ဖြစ်စေတယ်လို့ ဒီမိုကရက် တွေကလည်း ပြန်လည် စောဒက တက်ခဲ့ကြပါတယ်။