အမေရိကန် သမ္မတရွေးကောက်ပွဲ ရလဒ်ကြောင့် မြန်မာအပေါ်ဘယ်လို ရိုက်ခတ်မလဲ

ဒေါ်နယ်ထရမ့် အနိုင်ရမိန့်ခွန်းပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဒေါ်နယ်ထရမ့် အနိုင်ရမိန့်ခွန်းပြော

အမေရိကန်သမိုင်းမှာ နောက်ဆုံး အချိန်အထိ အကြိတ်အနယ်ဖြစ်ပြီး အငြင်းပွားစရာတွေနဲ့ ပြီးဆုံးသွားတဲ့ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရတဲ့အပေါ် မြန်မာနိုင်ငံခြားရေးဌာနက သဝဏ်လွှာပေးပို့ပြီး ကြိုဆိုသွားမယ်လို့ သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဉီးဇော်ဌေးက ဘီဘီစီကိုပြောပါတယ်။

ထရမ့်အနေနဲ့ ကိုယ်ကျိုး စီးပွားကို ကာကွယ်ပြီး တရုတ်နိုင်ငံ အပေါ် အခွန်တိုးကောက်တာမျိုး လုပ်နိုင်တယ်လို့ မဲဆွယ် စည်းရုံးခဲ့ပါတယ်။ ဒီတော့ ရီပတ်ဘလစ်ကန် အစိုးရလက်ထက်မှာ ဒီမိုကရက်တစ် ပါတီလောက် မြန်မာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဉီးစားပေးနိုင်မလား ဆိုတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာရှိပါတယ်။ ဉီးဇော်ဌေးကတော့ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူ ထားတာတွေကို သမ္မတအိုဘားမားက အုပ်ချုပ်မှုအာဏာ နဲ့ပယ်ခဲ့ပြီး ရီပတ်ဘလစ်ကန် ကွန်ဂရက်က ဥပဒေနဲ့ ဆောင်ရွက်ခဲ့လို့ ပါတီနှစ်ခုပေါင်း လုပ်တာဖြစ်ကြောင်း၊ ဒါကြောင့် ရီပတ်ဘလစ်ကန်က မြန်မာနိုင်ငံ အပေါ်ထားတဲ့ နိုင်ငံခြားရေး ပေါ်လစီ သိပ်အပြောင်းအလဲ ရှိမယ်လို့ မထင်ကြောင်း ဘီဘီစိကို ပြောပါတယ်။

Burma Fund ဒုတိယ ဥက္ကဌ ဒေါက်တာတင့်ဆွေ ကတော့ ရိပတ်ဘလစ်ကန် အစိုးရ လက်ထက် တွေမှာလည်း အမေရိကန်ရောက် မြန်မာ့အရေး လှုပ်ရှားသူတွေကို ထောက်ခံ အားပေးတဲ့ ကျေးဇူးရှိကြောင်း၊တဖက်က ထရမ့်ရဲ့လူ ဖြူကြီးစိုးတဲ့ အမျိုးသားရေးဝါဒကို ဝေဖန်ကြပေမယ့် ဒီလိုပုံစံမျိုး မြန်မာပြည်မှာ ဖြစ်ဖို့ဆိုရင် မြန်မာလူထုက လက်ခံမယ်လို့ မယူဆကြောင်း ဘီဘီစီကိုပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်ဉီးဝင်းထိန် ကတော့ လောလောဆယ် ထရမ့်ရဲ့ မူဝါဒကို မသိသေးလို့ခန့်မှန်းရ ခက်ကြောင်း ဟီလရီ ကလင်တန် အနိုင်မရလို့ စိတ်မကောင်းကြောင်း ပြောပါတယ်။

ကြံ့ခိုင်ရေး ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဉီးခင်ရီက ထရမ့် အနိုင်ရတာကို ဝမ်းသာပြီး ဂုဏ်ပြု ကြေးနန်းပို့မယ်လို့ဆိုပါတယ်။ ထရမ့်အနေနဲ့ အမျိုးသား လုံခြုရေးကို ဉီးစားပေးတဲ့ ပေါ်လစီကြောင့် ထောက်ခံတာဖြစ်တယ်လို့လည်း ဘီဘီစီကို ပြောသွားပါတယ်။