အမေရိကန် မောင်းသူမဲ့ရေယာဉ် တရုတ်သိမ်းပိုက်

အမေရိကန် Bowditch ရေယာဉ်

ဓာတ်ပုံ ရင်းမြစ်, US Navy

ဓာတ်ပုံ ပုံစာ,

အမေရိကန် Bowditch ရေယာဉ်

တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင် ဆူးဘစ်ပင်လယ်ကွေ့ အနောက်မြောက် မိုင်၅၀လောက်မှာ အမေရိကန် Bowditch သင်္ဘော ကရေပြင်တိုင်းတာမှုတွေကို လုပ်နေတဲ့ မောင်းသူမဲ့ ရေအောက် သုတေသနယာဉ်ကို တရုတ်ရေတပ်က သိမ်းပိုက်လိုက်ပါတယ်။

အိုးရှင်းဂလိုက်ဒါလို့ အမည်ပေးထားတဲ့ ရေယာဉ်ဟာ ပင်လယ်ရေ ဆားငံဓါတ်နဲ့ အပူချိန်ကိုတိုင်းတာရာမှာသုံးပြီး ရေအောက်မှာရှိတဲ့ ရေလက်ကြားတွေကို မြေပုံအဖြစ်မှတ်တမ်းတင်ဖို့ ဆောင်ရွက်နေတာလို့ ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ကြီး ဂျက်ဒေးဗစ်က သတင်းထောက်တွေကိုပြောပါတယ်။

အမေရိကန် ရေတပ်ပိုင်မောင်းသူမဲ့ ရေယဉ်ကို တရုတ်က သိမ်းလိုက်တာဟာ အမေရိကန်နဲ့ တရုတ်တို့ကြားမရေရာမှု တင်းမာမှုတွေကို ပိုကြီးထွား စေတယ်လို့ ဘီဘီစီ တရုတ်ဌာန အယ်ဒီတာ ကယ်ရီဂရေစီ ကပြောပါတယ်။

ဒီသတင်းပတ် ထဲမှာပဲ အမေရိကန် သုတေသန ပညာရှင်အဖွဲ့က တောင်တရုတ် ပင်လယ်အတွင်းတရုတ်တို့ တည်ဆောက်ထားတဲ့ကျွန်းတုတွေပေါ်မှာ ဒုံးခွင်းလက်နက်တွေ တပ်ထားတဲ့ ဂြိုဟ်တုဓါတ်ပုံတွေ ထုတ်ပြန်ခဲ့ပြီး အရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်က ဒေသတွင်း အလွန်ကြီးမားတဲ့ ခံတပ်တွေ ဆောက်နေတယ်လို့တရုတ်ကို ဝေဖန်ပြီးနောက်မှာ အခုကိစ္စဖြစ်လာပါတယ်။

အရင် ထုတ်ပြန်ချက်တွေမှာ တရုတ်ဘက်က ကျွန်းတွေကို စစ်ရေးအရ သုံးမှာမဟုတ်ဘူးလို့ ကြေညာခဲ့ပေမယ့် အခုအခါ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက လိုအပ်တဲ့ စစ်ရေး အသုံးအဆောင်တွေဟာ တရားဝင် ဖြစ်တယ်လို့ပြောပါတယ်။

အမေရိကန် တရုတ် ဆက်ဆံရေးအတွက် တရုတ်တနိုင်ငံမူကို နိုင်ငံရေးအခြေခံအဖြစ်တရုတ် ကပြောနေတဲ့ချိန်မှာ မစ္စတာထရမ့်က တရုတ်တနိုင်ငံမူကို မေးခွန်း ထုတ်လိုက်တဲ့ နောက်ပိုင်း တရုတ်တို့ဘက်က ထိုင်ဝမ်ရေ လက်ကြားမှာ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်

သမ္မတအိုဘားမား အစိုးရ ဘက်ကတော့ တရုတ်တနိုင်ငံမူကို မယိမ်းမယိုင်လက်ခံတယ်လို့ ထပ်မံကတိပေးပေမယ့် အခုလို အမေရိကန်ရေတပ်က မောင်းသူမဲ့ ရေယာဉ်ကို တရုတ်ကသိမ်းလိုက်တာဟာ သူတို့ဘက်ကလည်း မျှော်လင့်ချက်တွေကို အနှောက်အယှက် ပေးနိုင်သလို လက်ရှိနိုင်ငံရေး အခြေအနေကိုလည်း ထိခိုက်အောင် လုပ်လို့ရတယ်ဆိုတာ မကြာမီတက်လာမယ့် အစိုးရသစ်ကို အသိပေးလိုက်တာဖြစ်တယ်လို့ ကယ်ရီဂရေစီက သုံးသပ်ထား ပါတယ်။