ကေအိုင်အို ဆီကို ငြိမ်းချမ်းရေး ကော်မရှင် စာပို့

ဓာတ်ပုံ ရင်းမြစ်, Khin Maung Win
KIO ဒုဥက္ကဌ ဗိုလ်ချူပ်ဂွမ်မော်
ငြိမ်းချမ်းရေးကော်မရှင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ တွေ့ဆုံဖို့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဆီကိုအကြောင်းကြားစာ တစောင်ကို ပြီးခဲ့တဲ့ သုံးရက်က ပေးပို့ခဲ့ပါတယ်။
ဇန်နဝါရီလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ပေးပို့တဲ့ စာထဲမှာ ဘယ်နေ့ ဘယ်ရက် တွေဆုံ လိုတယ်လို့ မပါဘဲ ဖော်ပြ မထားကြောင်း သိရပါတယ်။
ကေအိုင်အို အနေနဲ့ ကတော့ UNFC အဖွဲ့ဝင် ဖြစ်တာကြောင့် UNFC လမ်းကြောင်း အတိုင်းဘဲ သွားပြီး အဲဒီ အဖွဲ့ထဲမှာ ပါတဲ့ DPN ဆိုတဲ့ နိုင်ငံရေး မူဘောင် ဆွေးနွေးရေး အဖွဲ့ရဲ့ ညှိနှိုင်းမှု အတိုင်း ဆက်သွားမယ်လို့ အကြောင်းပြန်ခဲ့ကြောင်း ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
အခုလို ဖိတ်ကြားမှုကို ကေအိုင်အို တဖွဲ့တည်းကိုသာ သီးသန့် ဖိတ်ကြားတာ ဖြစ်ပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့ထဲက ကျန်အဖွဲ့တွေကို ဖိတ်ကြားခံရတာ မရှိဘူးလို့ သူက အတည်ပြု ပြောကြားခဲ့ပါတယ်။
ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ဟာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်ပြီး NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေထဲက အဖွဲ့တစ်ဖွဲ့ ဖြစ်သလို တအာင်း၊ အေအေ၊ ကိုးကန့်အဖွဲ့တွေ နဲ့ မြောက်ပိုင်းမဟာမိတ်အဖြစ် ဖွဲ့စည်းထားတာလည်းဖြစ်ပါတယ်။
အဲဒီ မြောက်ပိုင်း မဟာမိတ် အဖွဲ့နဲ့ တပ်မတော်တို့ ပြီးခဲ့တဲ့ နို၀င်ဘာက စလို့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး လွန်ခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာလည်း တပ်မတော်က ကေအိုင်အေ စခန်းတွေကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီလပိုင်း အတွင်းမှာ ဒုတိယ အကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ့် အစီအစဉ်လည်း ရှိတာမို့ ကေအိုင်အို သဘောတထားကို သိချင်တာက တကြောင်း ၊ ကေအိုင်အို အနေနဲ့လည်း တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်ကို လက်မှတ် မထိုးရသေးတဲ့ အဖွဲ့ ဖြစ်တာကလည်း တကြောင်းမို့ ဆွေးနွေးဖို့ အတွက် ငြိမ်းချမ်းရေး ကော်မရှင်က ဖိတ်တာ ဖြစ်နိုင်ကြောင်း ဒုဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
လက်ရှိမှာတော့ ငြိမ်းချမ်းရေး မူဘောင် ကိုးချက်ကို ဆက်လက် ဆွေးနွေးလျက် ရှိပြီး ကေအိုင်အို အနေနဲ့ ကလည်း NCA လက်မှတ် ထိုးဖို့ ကိစ္စကို မဆုံးဖြတ်ရသေးဘူး သူက ဆိုပါတယ်။
ကချင်ပြည်နယ် တလွှားမှာ အခုရက်ပိုင်း အတွင်း တိုက်ပွဲတွေ မဖြစ်ပွားဘဲ ၂၁ ရာစု ပင်လုံ ညီလာခံ တက်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကို ပြောနေချိန်မှာ တိုက်ပွဲတွေကို ရပ်မှ ဖြစ်မယ်လို့ ဒု ဗိုလ်မှူးကြီး နော်ဘူက ရှင်းပြခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်ကို လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဆီ တက်လှမ်းခဲ့ပါလို့ အစိုးရက ပန်ကြားချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။