၂၀၀ဂ ဖွဲ့စည်းပုံ ပယ်ဖျက်ပေးဖို့ မန်းလွှတ်တော် ပယ်ချ

ဖွဲ့စည်းပုံအခြေခံဥပဒေ
ဓာတ်ပုံ ပုံစာ,

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်နဲ့ အရပ်ဘက် အဖွဲ့ဝင်တွေ

၁၉၉၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၅ ယောက်က ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အား တရားမဝင် ပျက်ပြယ်ကြောင်း မြွက်ဟကြေညာပေးဖို့ မန္တလေးတိုင်း တရားလွှတ်တော်ကို ဒီကနေ့ တင်ပြလျှောက်ထားတာမှာ လက်မခံပဲ ပယ်ချလိုက်ပါတယ်။

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုစဉ်တုန်းက လူဦးရေနဲ့ ထောက်ခံမဲ ၊ ဆန္ဒမဲတွက်ချက်တာတွေ မှားယွင်းတဲ့အတွက် တရားမဝင်ပျက်ပြယ်ကြောင်း ကြေညာပေးဖို့ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ဦးဒေးဗစ်လှမြင့် ဦးဆောင်တဲ့ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၅ယောက်ဟာ မန္တလေးတိုင်း တရားလွှတ်တော်ကို ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စကို တရားလွှတ်တော် တရားရေး တာဝန်ရှိသူတွေ စည်းဝေးထိုင်ပြီး ခုံရုံး၂ တရားလွှတ်တော် တရားသူကြီး ဒေါ်ခင်သက်ဝေ က လက်မခံကြောင်း အမိန့် ချမှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုမှာ စွဲဆိုပိုင်ခွင့် ၊ စီရင်ပိုင်ခွင့်ဆိုတာကို သူတို့စွဲဆိုသူနဲ့ အစိုးရတာဝန်ရှိသူတွေ ငြင်းချက်ထုတ် ကြားနာပြီးမှ ပလှပ်သင့်တယ်လို့ အမိန့်ချမှတ်အပြီးမှာ ၁၉၉၀ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ရဲ့ ဥပဒေ အကြံပေး ဦးအောင်သူရ က ပြောပါတယ်။

သူတို့ တင်ပြစွဲဆိုတဲ့ အချက်တွေဟာ ထင်မြင်ချက်မဟုတ်ပဲ ခိုင်မာတဲ့ အချက်လက်တွေ ဖြစ်ကြောင်းနဲ့ သူတို့ ထောက်ပြ တရားစွဲတဲ့အချက်တွေကို အာဏာရပါတီနဲ့ အစိုးရသိမှ ပြည်ထောင်စု လွှတ်တော်မှာ ပျက်ပြယ်တဲ့ ဥပဒေအကြောင်းတွေ အကျယ်တဝံ့ ဆွေးနွေးနိုင်မှာ ဖြစ်တယ်လို့ တရားစွဲတဲ့ အဖွဲ့ကို ဦးဆောင်တဲ့ ၁၉၉၀ ဧရာဝတီတိုင်း ငပုတောမြို့နယ်က အန်အယ်လ်ဒီ ပါတီအနေနဲ့ အနိုင်ရတဲ့ ဦးဒေးဗစ်လှမြင့် ကပြောပါတယ်။

သူတို့တရားစွဲဖို့ အဓိက ထာက်ပြတဲ့အချက်ကတော့ ၂၀ဝ၈ အခြေခံဥပဒေအတည်ပြုဖို့ လူထုဆန္ဒကောက်ခံတုန်းက မြန်မာ နိုင်ငံ လူဦးရေက ၅၇ သန်းကျော်လို့ ကြေငြာပြီး မဲပေးခွင့်ရှိတဲ့ ပမာဏရဲ့ ၉၂.၄၈ ရာခိုင်နှုန်းကျော်နဲ့ အတည်ပြုခဲ့ပေမယ့် ၂၀၁၄ သန်းခေါင်းစာရင်းမှာတော့ လူဦးရေက ၅၁ သန်းကျော်ပဲဖြစ်နေတဲ့အတွက် ဒီတချက်နဲ့တင် ဖွဲ့စည်းပုံဟာ မှားယွင်း အတည်ပြုခဲ့တယ်ဆိုတာကို ထောက်ပြထားပါတယ်။

ပထမအကြိမ် နေပြည်တော်ခရိုင် ဒက္ခိဏသီရိမြို့နယ် တရားရုံးမှာ ဒီကိစ္စကို ဦးတိုက် လျှောက်ထားစွဲဆိုတုန်းကလည်း လက်မခံပဲ ပယ်ချခံရပြီး အခု တကြိမ်ကတော့ ဒုတိယမြောက် ကြိုးပမ်းချက် ဖြစ်ပါတယ်။