H1N1 ရာသီတုပ်ကွေးရောဂါ နေပြည်တော်မှာလည်းဖြစ်နေ

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption H1N1 ရာသီတုပ်ကွေးရောဂါ မြန်မာပြည်မှာ ပျံ့နှံ့ကူးစက်နေဆဲ

အစိုးရဝန်ထမ်းတွေအများဆုံးနေထိုင်ကြတဲ့ နေပြည်တော်မှာ H1N1 ရာသီတုပ်ကွေးရောဂါ ကူးစက်ပျံ့ပွားနေပါတယ်။

H1N1 ဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၁၇ ဦး နေပြည်တော်မှာ ရှိခဲ့ပြီး လောလောဆယ် တဦးကို အရေးတကြီးလူနာ အဖြစ် ဆေးရုံတင် ကုသပေးနေကြောင်း နေပြည်တော် ဆေးရုံ က ဆေးရုံအုပ် က ပြောပါတယ်။

နေပြည်တော် က ကုတင် ၁၀၀၀ ဆေးရုံမှာ အခြား ရောဂါနဲ့ လာရောက်တက်နေကြတဲ့ လူနာတွေ ကို သွေးစစ်ကြည့်ရင်း H1N1 ရာသီတုပ်ကွေးရောဂါ ဖြစ်နေပြီလို့ သိလိုက်ရတဲ့ လူနာတွေလည်း ရှိတဲ့အကြောင်း အဲဒီ ဆေးရုံအုပ် ဒေါက်တာ အောင်လင်းအေး က ဘီဘီစီ ကို ပြောပါတယ်။

၂၀၀၉ ခုနှစ် ကတည်းက ကမ္ဘာမှာ ပျံနှံ့လာခဲ့တဲ့ ဒီ H1N1 ရာသီတုပ်ကွေးရောဂါ ကြောင့် ကူးစက် တာတွေ ကို တွေ့နေရဦးမှာ ဖြစ်တယ်၊ သံသယ ဖြစ်စရာ လူနာတွေ တွေ့ရင်လည်း ချက်ချင်း ကုသပေးသွားမှာ ဖြစ်တယ်၊ ကျန်းမာရေး ပညာပေးလုပ်ငန်းတွေ ကိုလည်း နေ့စဉ် အစိုးရ သတင်းစာ တွေထဲကနေ ဖော်ပြလုပ်ဆောင် ပေးနေကြောင်း အဆိုပါ ဆေးရုံအုပ် က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေးရောဂါ ဒီနှစ်အတွင်း ပျံ့နှံ့လာတာ လချီ ကြာခဲ့ပြီ ဖြစ်ပေမယ့် ကျန်းမာရေးဌာန အနေနဲ့ကတော့ ဒီပျံ့နှံ့မှု ဟာ အရေးပေါ်အနေအထား သတ်မှတ်စရာ မလိုသေးတဲ့အနေအထား လို့ သုံးသပ်ထားပါတယ်။

H1N1 ရာသီတုပ်ကွေးရောဂါ ကြောင့် မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း သေဆုံးသူ အယောက် ၂၀ ကျော် ရှိပါတယ်။