ခွင့်ပြုချက်မရှိတဲ့ နေရာမှာ ဝတ်မပြုဖို့ အမိန့်ထုတ်

Image caption မန္တလေးမြို့မှာ အကြီးဆုံး မွတ်ဆလင် ဗလီ

ရန်ကုန်တိုင်း မြို့နယ် တချို့မှာ နေထိုင်ကြတဲ့ အစ္စလာမ် ဘာသာဝင်များကို တရားဝင် အစ္စလာမ် ဘာသာရေး အဆောက်အုံနဲ့ စာသင်ကျောင်းတွေက လွဲလို့ ခွင့်ပြုချက်မရှိဘဲ နေအိမ်တွေနဲ့ အခြားနေရာတွေမှာ စုပေါင်း ဝတ်ပြုခြင်း မပြုလုပ်ဖို့ ရန်ကုန်တိုင်း အတွင်းက မြို့နယ် တချို့မှာ အာဏာပိုင်တွေက အမိန့်ညွှန်ကြားစာ ထုတ်ပြန်ထားပါတယ်။

အမိန့်ညွှန်ကြားစာကို မလိုက်နာပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမယ်လို့လည်း ဖော်ပြထားပါတယ်။

သာကေတ ၊ ဒေါပုံ ၊ ဒဂုံ၊ လှိုင်အပါအဝင် ရန်ကုန်တိုင်း အတွင်းက မြို့နယ် တချို့မှာ အခုလို ခွင့်ပြုချက်မရှိပဲ ဝတ်ပြုတာတွေ မလုပ်ဖို့ သြဂုတ်လ ၂၂ နဲ့ ၂၃ ရက်ရက်စွဲတွေနဲ့ ထုတ်ပြန်ထားပြီး ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ အမိန့် ညွှန်ကြားစာ မှာတော့ ဝါတွင်းကာလ အတွင်း အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ ဗလီတွေမှာသာ ဝတ်ပြုဖို့လည်း ညွှန်ကြားထားတာ ဖြစ်ပါတယ်။

သာကေတမြို့နယ်က ညွှန်ကြားချက်မှာတော့ စုပေါင်း ဝတ်ရွတ်မှုအပြင် အစ္စလာမ် ဘာသာရေး စာပေသင်ကြားမှုနဲ့ ဘာသာရေး အဆောက်အုံ ဆောက်လုပ်မှုတွေ မလုပ်ဖို့ပါ ညွှန်ကြားထားပါတယ်။

အဓိက အကြောင်းပြချက်ကတော့ မတည်ငြိမ်မှုတွေနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ မပေါ်ပေါက်စေရေး အတွက်လို့ ဆိုပါတယ်။

ဒီကိစ္စဟာ အာဏာပိုင်တွေ ကိုယ်တိုင် သွေးထိုး လှုံ့ဆော် သလို ဖြစ်နေပြီး တမင်သက်သက် ရည်ရွယ်ချက် ရှိရှိ လုပ်နေသလား လို့တောင် ထင်မိတယ် ၊ သူတို့ အနေနဲ့ ဒီထုတ်ပြန်ချက် အပေါ် ကျေနပ်မှု မရှိပေမယ့် အချိန် အတိုင်းတခုကို ဖြတ်သန်းပြီး သွားရင် အားလုံး ပြေလည် သွားလိမ့်မယ်လို့ ယူဆကြောင်း အစ္စလာမ်ဘာသာဝင် ဦးသန်းလွင်ဦးက ပြောပါတယ်။

ဧပြီလအတွင်းကလည်း သာကေတမြို့နယ်အတွင်းက နေအိမ်တအိမ်မှာ အစ္စလာမ် ဘာသာရေးစာပေသင်ကြားမှု ဝတ်ရွတ်မှု ပြုလုပ်နေတယ်ဆိုပြီး လူအုပ်နဲ့ အဆောက်အုံကို လာရောက် ဖျက်ဆီးမှု ဖြစ်ခဲ့ဖူးပါတယ်။

မွတ်ဆလင်အသိုင်းဝိုင်းထဲက တချို့ကတော့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာထုတ်ပြန်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီ အာနန် မြန်မာပြည် ရောက်နေတုန်း အစ္စလာမ်တွေရဲ့ ဘာသာရေး ဝတ်ပြုမှုအပေါ် တင်းကြပ်မှု လုပ်လာတာကို နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ