ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ဆက်လက် ကယ်ထုတ်

ဓာတ်ပုံ မူပိုင် MOI
Image caption ဒုက္ခတွေကြားက ကယ်ထုတ်လာရတဲ့ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ တည်ရှိတဲ့ ရခိုင်ကျေးရွာအတော်များများက ရခိုင်တိုင်းရင်းသား ၂၇၀ ကျော်ကို နတ်မြစ်ကနေ တစ်ဆင့် မော်တော်ဘုတ်တွေနဲ့ မနေ့က မောင်တောမြို့ပေါ်ကို ကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

အခု ကယ်ထုတ် လာရသူတွေ ကတော့ မောင်တောမြို့နယ် မြောက်ပိုင်းမှာ တည်ရှိတဲ့ ငခူရ၊ ကပ္ပကောင်း၊ သရက်အုပ်၊ ခြံပြင်၊ ရွက်ညိုးတောင်နဲ့ စံပယ်ပင်ရင်းစတဲ့ ကျေးရွာတွေက သူတွေ ဖြစ်ကြပါတယ်။

မောင်တော မြောက်ပိုင်းက ရခိုင် တိုင်းရင်းသားတွေ တော်တော်များများ ပိတ်မိနေတာကြောင့် သွားလာလို့လည်း မရ ၊ စားဝတ်နေရေးလည်း အခက်အခဲ ရှိနေပြီး လူမှုကယ်ဆယ်ရေး ပစ္စည်းတွေ သွားရောက် ပို့ဆောင်ခဲ့ပေမယ့် သူတို့ အနေနဲ့ လုံခြုံရေး ပေးဖို့ကိုသာ တောင်းဆိုနေတယ်လို့ အဲဒီဒေသတွေကို သွားရောက် အကူအညီ ပေးခဲ့တဲ့ ဝံလက် ဖောင်ဒေးရှင်းက ကိုညီညီဇော်က ပြောပါတယ်။

အခု ကယ်ထုတ်လာတဲ့ အထဲမှာ အသက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေ များပြီး နောက်ထပ် ကျန်နေသူတွေလဲ အများအပြားရှိနေသေးတယ်လို့ သူက ဆိုပါတယ်။

သူတို့ကို ကယ်ထုတ်လာခဲ့ရတဲ့ ကမ်းမထောက်တောင် ရွာဟာ ဆိုရင် အိမ်ခြေ ၁၆ လုံးလောက်ဘဲ ရှိပြီး အနီးက ဘင်္ဂလီတွေ နေထိုင်တဲ့ ရွာတွေမှာ လူလေးထောင်လောက် ရှိတာကြောင့် ပြန်ခေါ်လာတာ ဖြစ်တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

ဒီလို လူတွေကို ကယ်ထုတ်ခဲ့ရတဲ့ ရွာတွေ အပြင် မောင်တောမြို့နယ် မြောက်ဘက်အစွန်ဆုံး တောင်ပြို၊ အောင်သပြေ၊ ဗန္ဓုလ စတဲ့ ရွာတွေမှာလည်း လူတွေ ထောင်နဲ့ချီပြီး ပိတ်မိနေပါတယ်။

တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေက သူတို့အတွက် လုံခြုံရေး ယူပေးထားတယ် ဆိုပေမယ့် လုံလောက်တဲ့ အနေအထား မရောက်သေးဘဲ ရခိုင် ၊ မြို ၊ ဒိုင်နက် စတဲ့ တိုင်းရင်းသား ရွာတွေမှာ ဆိုရင် လုံခြုံရေး မရသေးဘူးလို့ ဝံလက်ဖောင်ဒေးရှင်းက ကိုညီညီဇော် က ပြောပါတယ်။

အခု ကယ်ထုတ်လာတဲ့ သူတွေကိုတော့ မောင်တောမြို့ သာသနာဗိမာန်မှာနေရာချပေးထားတယ်လို့ မြို့ခံ တစ်ဦးဖြစ်သူ ဦးစိန်လှဖြူက ပြောပါတယ်။

လက်ရှိ သတင်းတွေအရတော့ မောင်တောမြို့နယ် အတွင်းက တိုင်းရင်းသားရွာတွေမှာရော မွတ်ဆလင် ကျေးရွာအတော်တော်များများမှာပါ လူတွေ မရှိပဲ ခြောက်ကပ်နေပါတယ် ။

သြဂုတ်လ ၂၅ ရက် တိုက်ခိုက်မှု နောက်ပိုင်း ပြေးလာတဲ့ ထောင်ဂဏန်းချီ ရှိတဲ့ ဒုက္ခသည်တွေကို မောင်တောမြို့ပေါ်မှာ ဒုက္ခသည် စခန်း လေးခု ဖွင့်ထားပြီး အကူအညီပေးထားပါတယ်။