ထားဝယ်ကျောက်မီးသွေးစီမံကိန်း ထိုင်းလူ့အခွင့်အရေးကော်မရှင်စစ်ဆေး

Image caption တနင်္သာရီမြစ်ဖျားတနေရာမှာ ကျောက်မီးသွေးသယ်ကားတစီး တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ဘန်းချောင်းဒေသက ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်း ကြောင့် ထိခိုက်ခံစားနေရတဲ့ ဒေသခံတွေရဲ့တိုင်ကြားမှုအပေါ် ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စက်တင်ဘာလ ၁၁ ရက်နေ့မှာကြားနာစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။

ဒေသခံတွေက ကျောက်မီးသွေးလုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာပိုင် မေဖလားဝါးကုမ္ပဏီ၊ တူးဖော်မှုလုပ်ငန်း တွေမှာ ဆက်စပ်ပါဝင်နေတဲ့ ထိုင်းနိုင်ငံအခြေစိုက် Energy Earth PCL ၊ Earth Star Company နဲ့ The Asset Mining ကုမ္ပဏီတို့ကို စစ်ဆေးပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဘန်ကောက်မှာ ပြုလုပ်တဲ့ ကြားနာစစ်ဆေးမှုမှာ ဒေသခံတွေနဲ့ ကုမ္ပဏီဖက်ကိုပါဖိတ်ခေါ်ပြီး တိုင်ကြားထား တဲ့ အချက်အလက်တွေမှန်ကန်မှုရှိမရှိ စစ်ဆေးသလို ကုမ္ပဏီဖက်ကိုလည်းပြန်ပြီးဖြေရှင်းဖို့အခွင့်အရေး ပေးခဲ့ပါတယ်။ ဒါ့အပြင်တာဝန်ယူမှုတွေပိုရှိအောင် လုပ်ပေးဖို့တွေကိုလည်း ကနဦးကြားနာမှုအနေနဲ့ ပြောကြားခဲ့တာတွေ့ရတယ်လို့ အဲ့ဒီစစ်ဆေးမှုကိုသွားရောက်ခဲ့တဲ့ ထားဝယ်ဒေသဖွံ့ဖြိုရေး အဖွဲ့မှ ဦးသန့်ဇင် ကပြောပါတယ်။

ဘန်ချောင်းဒေသမှာ ကျောက်မီးသွေးထုတ်လုပ်ခွင့်အတွက် မြန်မာမေ ဖလားဝါးကုမ္ပဏီက ၂၀၁၀ ခုနစ်မှာ ရရှိခဲ့တာဖြစ်ပြီး တူးဖော်မှုတွေကို ကေအန်ယူနဲ့ မြန်မာအစိုးရ အကြား အပစ်ခတ်ရပ်စဲခဲ့တဲ့နောက်ပိုင်း ၂၀၁၂ ခုနစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ မေဖလားဝါးကတော့ ကိုယ်တိုင်တူးနေတာ မဟုတ်ပဲ ထိုင်းကုမ္ပဏီတွေကို လွှဲအပ်ထားတာ ဖြစ်ပြီးထိုင်းကုမ္ပဏီတွေအနက် တူးဖော်နေခဲ့တဲ့ ကုမ္ပဏီကတော့ East Star Mining Company ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်မီးသွေးတူးဖော်မှု မြေစာစွန့်ပစ်မှုတွေရှိနေပြီး အဲဒီစွန့်ပစ်မြေစာပုံတွေက ကျောက်မီးသွေးတွေ ကဆင့် မီးလောင်ကျွမ်းမှုတွေ မကြာခဏဖြစ်ပေါ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဖျားနာ၊ မူးဝေ၊ အော့အန်မှု စတဲ့ ဝေဒနာတွေ ခံစားနေရတယ်လို့ ဆိုကြပါတယ်။

ကနဦး စီမံကိန်းချပေးစဉ် လုပ်ကွက် ၆ ကွက်အတွက် မြေဧက ၂၁၀ဝ လောက်ကို ချပေးခဲ့တာ ဖြစ် ပြီး ဒေသခံတွေရဲ့ မြေတွေကိုလည်း သိမ်းယူခဲ့ကြပါတယ်။ နောက်ပိုင်းမှာ တိုင်ကြားမှုတွေကြောင့် မြေအချို့ပြန်ရတာတွေ ရှိခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအနေနဲ့ ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်က ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ကျောက်မီးသွေးဆက်မထုတ်ဖို့ပြောထားသလို မိုင်းတစ်ခုလုံးပိတ်ဖို့ အတွက်ကိုလည်း ပြည်ထောင်စုအစိုးရကို တင်ပြထားတယ်လို့ ပြောပါတယ်။

ဒေသခံတွေက ရပ်ဆိုင်းပေးဖို့ တောင်းဆိုနေတဲ့ ကျောက်မီးသွေး တူးဖော်မှု စီမံကိန်းတွေဟာ ကေအန်ယူ တပ်မဟာ (၄) နယ်မြေနဲ့ အစိုးရ ထိန်းချုပ်နယ်မြေ နယ်စပ်မှာ တည်ရှိနေတာဖြစ်ပါတယ်။