ဌာနေတိုင်းရင်းသားတွေ ပြန်နေရာချပေးဖို့ စီစဉ်နေ

ဓာတ်ပုံ မူပိုင် MOI
Image caption နိုင်ငံတော် အတိုင်ပင်ခံ ဦးဆောင်ပြီး ရခိုင်အရေး ဆွေးနွေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရခိုင်အရေးအကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မီတီ အပါအဝင် အဲဒီကော်မီတီမှာ ပါတဲ့ ကော်မီတီဝင်များရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး တွေကို ခေါ်ယူပြီး ရခိုင်အရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်း လမ်းညွှန်ဆွေးနွေးတာတွေ နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကနေ လာမည့် သီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ် ရောက် ဒုက္ခသည်များကို ပြန်လည်လက်ခံမယ့် အဖွဲ့ ဖွဲ့စည်းတာ အပါအဝင် နိုင်ငံခြား သံတမန်တွေကို ရခိုင်မြောက်ပိုင်း က ပြဿနာ ဖြစ်ခဲ့တဲ့နေရာတွေကို ခေါ်ပြ မယ့် အစီအစဉ်တွေကို သတ်မှတ်ခဲ့ ကြ ပါတယ် ။

ကုလသမဂ္ဂ က ပြောနေတဲ့ မြန်မာဖက်က ထွက်ပြေးသူ လေးသိန်းကျော်ကို ပြန်လည် လက်ခံ ခေါ်ယူဖို့ စီစစ်မှုတွေ ဘယ်လို လုပ်ဆောင် သွားမလဲ ဆိုတာကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ကော်မီတီ ဥက္ကဌ ဒေါက်တာ ၀င်းမြတ်အေး က ပြောပါတယ်။

အဲဒီ ပြန်လည် စီစစ်ရေး အဖွဲ့ထဲမှာ လူ၀င်မှု ကြီးကြပ်ရေး ၀န်ကြီး ၊ ဆောက်လုပ်ရေး ၀န်ကြီး နဲ့ ပြည်ထဲရေး ၀န်ကြီးတွေလည်း ပါမှာ ဖြစ်ပြီး ကဏ္ဍအလိုက် ဘယ်လို ခွဲခြား လုပ်ဆောင်ကြမလဲ ဆိုတာတွေကို ပြောဆို ခဲ့ကြသလို ပြည်နယ် ၀န်ကြီးချုပ်လည်း လက်ရှိ မောင်တောမှာ ရောက်နေတာမို့ ပြန်လက်ခံရင် ဘယ်နေရာမှာ လက်ခံကြမလဲ ဆိုတာကိုပါ ဆက်ဆွေးနွေး အတည်ပြု ၊ အကြံပြုတာတွေ လုပ်ခဲ့တာတယ်လို့ သူက ဆိုပါတယ်။

မြို ၊ သက်နဲ့ တခြား ဌာနေ တိုင်းရင်းသားတွေနဲ့ နောက်ဆုံး အရေးအခင်း မတိုင်ခင် နှစ်ကြိမ် တွေ့ခဲ့ပြီး အခင်းဖြစ်ပြီး တခါ ထပ်တွေ့ ခဲ့တယ် ၊ အခုအခါ အိုးအိမ်စွန့်ခွာ ပြေးလာရတဲ့ ဌာနေ တိုင်းရင်းသား အရေအတွက် တိုးလာတာကြောင့် သူတို့တွေကို ကျကျနန နေရာချထားဖို့ ပြင်ဆင်နေကြတဲ့ အပြင် တိုင်းရင်းသားတွေ စုပြီး တနေရာ ဆောက်ပေးဖို့ စီစဉ်နေတယ်လို့ ဒေါက်တာ ၀င်းမြတ်အေးက ရှင်းပြပါတယ်။

လတ်တလော ဖြစ်ခဲ့တဲ့ အရေးအခင်း အတွင်း ပျောက်နေတဲ့ ဟိန္ဒူ ၉၃ ယောက်နဲ့ ပတ်သက်လို့ သတင်းအစအန ရှာမရ ဖြစ်နေပြီး ခုနောက်ဆုံး သူတို့ ဘင်္ဂလားဒေ့ရှ် ဖက် ရောက်နေတယ် ဆိုတာ ကြားရပြီး သူတို့ကို ပြန်ခေါ်နိုင်ဖို့ ဆက်သွယ် ကြိုးစားနေတယ်လို့ သူက ဆိုပါတယ်။

တချို့ မွတ်ဆလင် ကျေးရွာတွေဟာ အကြမ်းဖက်မှုမှာ လုံးဝ မပါ၀င်ဘဲ လက်ရှိမှာလည်း ကျေးရွာတွေမှာ ဆက်လက် နေထိုင်နေတာတွေ ရှိကြသလို ၊ တချို့ ရွာတွေ ကတော့ တရွာလုံး လူမရှိတော့တဲ့ ရွာတွေ ရှိတဲ့ အပြင် တချို့ ကျေးရွာ အုပ်စုဆိုရင် မွတ်ဆလင်ရွာ ၆ ရွာ နဲ့ တိုင်းရင်းသား နှစ်ရွာ အတူတွဲ အေးအေးဆေးဆေး နေထိုင်တာတွေလည်း ရှိတော့ ဒါတွေကို လေ့လာရအောင် သံတမန် အဖွဲ့တွေကို ကိုယ်တိုင် မေးမြန်း လေ့လာဖို့ လာမယ့် သီတင်းပတ် အတွင်း စီစဉ်ပို့ဆောင်ပေးမယ်လို့ ၀န်ကြီးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ