တောင်တွင်းကြီး ဆူပူမှု မသင်္ကာခံရသူ နောက်ထပ် ၇ ဦး ကို ဖမ်းဝရမ်းထုတ်

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဆူပူမှု ကို ရဲတွေ က ရာဘာကျည်သုံးပြီး ဖြိုခွဲခဲ့ရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ ဖြစ်ခဲ့တဲ့ လူစု လူဝေးနဲ့ ဆူပူမှု ဖြစ်စဉ်မှာ ပါဝင် ပတ်သက်ခဲ့တယ်လို့ ယူဆရသူ နောက်ထပ် (၇)ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

အဲဒီလူတွေဟာ တုတ်၊ ဓား လက်နက်တွေ ကိုင်ဆောင်ပြီး ဆူပူမှုဖြစ်အောင် လှုံဆော်ခဲ့ကြတဲ့ လူတွေအဖြစ် သံသယရှိရသူတွေဖြစ်တယ်လို့ မကွေးတိုင်း ရဲတပ်ဖွဲ့ က ဘီဘီစီ ကို ပြောပါတယ်။

သူတို့ကို လှုံဆော်မှု၊ ပါဝင်ပတ်သက်မှု၊ ရုန်းရင်းဆန်ခတ်မှု၊ ညအချိန်မတော် ကျူးကျော် ဝင်ရောက်မှု သူတပါး အကျိုးဖျက်ဆီးမှု စတဲ့ အမှုတွေနဲ့ တောင်တွင်းကြီးမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

အခု ဖမ်းဝရမ်းထုတ်ခံရသူ အားလုံးဟာ တောင်တွင်းကြီးမြို့ခံတွေပဲ ဖြစ်ပါတယ်။

စက်တင်ဘာလ (၁၀)ရက်နေ့ည က ဖြစ်ပွားခဲ့တဲ့ ဆူပူမှု ဖြစ်စဉ်မှာ သံသယရှိလို့ အရင်ကတည်းက လူ (၇)ဦး ကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

တောင်တွင်းကြီးမြို့မှာ အခင်းဖြစ်ပွားခဲ့တဲ့ ညက အစ္စလာမ်ဘာသာဝင်တချို့ရဲ့ နေအိမ် နဲ့ ဆိုင်ခန်းတချို့ကို လူအုပ်စုတစ်စုကနေ ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် နေအိမ် နဲ့ ဈေးဆိုင် (၈)ခု လောက် ထိခိုက် ပျက်စီး ခဲ့ပါတယ်။

ဖြစ်ဖြစ်ချင်းညမှာပဲ ဆူပူမှုမှာ ပါဝင်ခဲ့သူ တစ်ဦး ဖမ်းဆီးမိခဲ့ပြီး သူ့ကို တာဝန်ရှိသူတွေက စစ်ဆေးရာမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတာတွေကို မကျေနပ်လို့ လုပ်ဆောင်တာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။

ဆူပူမှုလုပ်လိုသူတွေ က အဲဒီတုန်းက လူ ၃၀ ၊ ၄၀ လောက်စုပြီး ဗလီ ရှေ့ကိုလာကာ အော်ဟစ်ကြ၊ ရန်ရှာကြ၊ သွေးထိုးကြ နဲ့ တကယ်လို့ တခြားမြို့တခု မှာ တခုခု ဖြစ်ပြီ ဆိုရင် တောင်တွင်းကြီး ကို ဘယ်တော့ ပြဿနာ က ဖြစ်လာမလဲ လို့ အမြဲစိတ်ပူနေရကြောင်း တောင်တွင်းကြီးမြို့ခံတဦးက ဘီဘီစီ ကို ပြောပါတယ်။

တောင်တွင်းကြီး ဖြစ်စဉ်မှာ တုတ်၊ဓား လက်နက်တွေ ကိုင်ဆောင်ပြီး ဆူပူအကြမ်းဖက်သူ နဲ့ ဝိုင်းအုံကြည့်ရှုသူက အယောက် (၄၀၀)လောက် ရှိခဲ့ပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရာဘာ ကျည်ဆန်သုံးကာ လူစု ခွဲခဲ့ရပါတယ်။