အာနန်အကြံပြုချက် အကောင်ထည်ဖော်ဖို့ ကုလကူညီ

ဓာတ်ပုံ မူပိုင် MOI
Image caption ကုလသမဂ္ဂရဲ့ နိုင်ငံရေးရာ အကြီးအကဲ မစ္စတာ ဂျက်ဖရီ ဖဲလ်မန်း ကို နိုင်ငံတော်အတိုင်ပင်ခံ က လက်ခံတွေ့ဆုံ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံရေးရာ အကြီးအကဲ မစ္စတာ ဂျက်ဖရီ ဖဲလ်မန်း ဟာ အောက်တိုဘာ ၁၆ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီ အာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်အဖွဲ့ရဲ့ အကြံပြုချက်တွေ အပါအဝင် မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေကို ကုလသမဂ္ဂ နိုင်ငံရေးရာဌာန အကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ ဂျက်ဖရီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြပါတယ်။

ကိုဖီအာနန် အကြံပြုချက်တွေကို အကောင်အထည်ဖေါ်ရာမှာ မစ္စတာ ဂျက်ဖရီအနေနဲ့ မြန်မာအစိုးရကို အကူအညီပေးမယ်လို့လည်း ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖေါ်ပြခဲ့ပါတယ်။

အခုလို မစ္စတာကိုဖီအာနန်အကြံပြုချက်ဆွေးနွေးတဲ့အပေါ်မှာ အကောင်းမြင်တယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ရေးကော်မတီရဲ့ ဥက္ကဌဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အကြံပြုချက်ထဲမှာ ရခိုင်ပြည်မှာ နေထိုင်တဲ့ လူနည်းစု မွတ်ဆလင်တွေကို သွားလာခွင့် ချုပ်ချယ် ကန့်သတ်တာတွေ ဖြေလျှော့ပေးဖို့နဲ့ နိုင်ငံသား စီစစ်ရေး အမြန်လုပ်ဆောင်ဖို့ အပြင် နိုင်ငံသားဖြစ်သင့်သူတွေကို နိုင်ငံသားအခွင့်အရေးပေးဖို့ ထောက်ပြထားပြီး အခုအခါ မစ္စတာ ကိုဖီအာနန် အကြံပြုချက်တချို့တွေကို စတင် အကောင်အထည် ဖေါ်နေပြီ လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

မစ္စတာ ဂျက်ဖရီဟာ အောက်တိုဘာလ ၁၅ ရက်နေ့မှာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး အောက်တိုဘာ ၁၇ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်ကို သွားရောက်မှာဖြစ်ပါတယ်။

မြန်မာအစိုးရက ရခိုင်ပြည် ပဋ္ဋိပက္ခဖြစ်တဲ့နေရာကို သံတမန်နဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ ခွင့်ပြုခဲ့ပေမယ့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာကတောင်းဆိုနေတဲ့ အချက်အလက်မှန်ရှာဖွေရေးအဖွဲ့ကို ခွင့်ပြုမသေးတဲ့အတွက် ဝေဖန်မှုတွေ ဆက်လက် ပေါ်ထွက်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ