ဒုက္ခသည်တွေကူညီဖို့ ဥရောပသမဂ္ဂ အလှူငွေကောက်မယ်

Image caption မြန်မာဖက်ကနေ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးလာသူတွေ အများအပြား ရှိနေဆဲ

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ ဥရောပ သမဂ္ဂက ခေါင်းဆောင်ပြီး အလှူငွေကောက်ခံမယ့် ညီလာခံတခု ကို လာမယ့် တနင်္လာနေ့ အောက်တိုဘာ ၂၃ ရက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ကူဝိတ်နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေ ဆီကနေ အလှူငွေတွေ ကောက်ခံရရှိဖို့ ရည်ရွယ်တယ်လို့ သိရပြီး ဂျနီဗာမြို့မှာ အဲဒီ အစီအစဉ်ကို စတင် နိုင်လိမ့်မယ်လို့ UNHCR က ပြောပါတယ်။

နောက် ၆ လလောက်အထိ အလှူငွေကောက်ခံတဲ့ ညီလာခံတွေ လုပ်သွားနိုင်မယ်လို့ မျှော်မှန်းထားပြီး ဖေဖော်ဝါရီလောက်အထိ ဆက်လက်ကောက်ခံသွားမယ်လို့ သိရပါတယ်။

အခုဆိုရင် နောက်ထပ် အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေကလည်း ရှိတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ အတွက် ဒေါ်လာ သန်းပေါင်း ၄၃၀ လောက် လိုအပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်မှာ ARSA အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်က အစိုးရရဲကင်းစခန်းတွေကို တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်းမှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ မြန်မာဖက်ကနေ ဘင်္ဂလားဒေ့ရှ် ဖက်ကို နယ်စပ်မှာ ရှိတဲ့ နတ်မြစ်ကို ဖြတ်ကျော်ပြီး အလုံးအရင်းနဲ့ ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

အခင်း ဖြစ်ပွားခဲ့တာ နှစ်လနီးပါး ရှိပြီ ဖြစ်ပေမယ့် အခုအခါ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ဒုက္ခသည်တွေ နတ်မြစ်ကို ဖြတ်ကျော်ထွက်ပြေး နေကြဆဲဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာဖက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်ပေါင်း ၅ သိန်း ၈ သောင်းကို လက်ခံကူညီထားတာ ဖြစ်ပြီး UNHCR အပါအဝင် အဲဒီမှာ ရှိနေနှင့်ပြီးသား နိုင်ငံတကာ အေဂျင်စီတွေကလည်း အများအပြား အကူအညီပေးလျက် ရှိတယ်လို့ လသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးရဲ့ အဆင့်မြင့် ဆက်သွယ်ရေး အရာရှိ အန်ဒရေ မဟတ်ဂျစ် က ပြောပါတယ်။

အခုအခါ UNHCR ဂိုဒေါင်ထဲမှာ သိုလှောင်ထားတဲ့ အသက်ကယ်ထောက်ပံ့ရေး အကူအညီပစ္စည်း စုစုပေါင်း ၇ တန်လောက်ကို အကုန်ထုတ်ပေးလိုက်ပြီး ဖြစ်သလို တခြားကူညီရေး အေဂျင်စီတွေကလည်း အလားတူ ဆောင်ရွက်တာကြောင့် လက်ရှိအခြေအနေကနေ တိုးတက်ကောင်းမွန်လာအောင် အားလုံးက ဝိုင်းဝန်းလုပ်ဆောင်နေကြတယ်လို့ သူက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ဖက်မှာ အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေ အပြင်အရင်ကတည်းက ရောက်နေတဲ့ ဒုက္ခသည် တွေအတွက်ရော၊ အခုလို ဒုက္ခသည်တွေရောက်လာတဲ့ အတွက် နစ်နာဆုံးရှုံးရတဲ့ ဘင်္ဂလားဒေ့ရှ် ရွာသားတွေ အတွက်ပါ ကူညီထောက်ပံ့မှုတွေ လုပ်ပေးနိုင်ဖို့ အတွက် အကူအညီထောက်ပံ့ငွေ တွေ အများအပြားလိုအပ်နေသေးတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးက ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။