ရခိုင်မှာ နိုင်ငံသားစိစစ်ရေး NVC ကတ် လုပ်ဖို့ ဖိအားပေးမှုရှိ

ဓာတ်ပုံ မူပိုင် MOI Myanmar
Image caption NVC ကတ်ပြားထုတ်ပေးမှု အစီအစဉ်ကို နယ်မြေလူထုက ပူးပေါင်း ဆောင်ရွက်မှု ရှိတယ်လို့ ဦးမြင့်ကြိုင်ပြော

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက် အရ နိုင်ငံသား စစ်ဆေးမှု လုပ်ငန်းစဉ်အတွက် အောက်တိုဘာလဆန်းက စတင်ခဲ့တဲ့ NVC (National Verification Card) နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးရေး လုပ်ငန်းတွေကို ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေမှာ အဓိက လုပ်ဆောင်နေရာမှာ ဖိအားပေးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံ မွတ်စလင်တွေက ပြောပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့က စစ်တွေမြို့နယ် သဲချောင်းကျေးရွာကို အာဏာပိုင်တွေ လာရောက်စဉ်မှာ NVC ကတ်ပြား မလျှောက်ဘူးဆိုရင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးက ငါးဖမ်းလိုင်စင် ထုတ်မပေးဘူးလို့ ပြောဆိုမှု ရှိခဲ့တဲ့ အပြင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနနဲ့ မြို့နယ်အဆင့် အာဏာပိုင်တွေကလည်း ဒီကတ်ပြား မလျှောက်ရင် တရားမဝင် အဖြစ် သတ်မှတ်ပြီး အဖမ်းခံရနိုင်ကြောင်း ပြောခဲ့တယ်လို့ ရွာခံတဦးက ဘီဘီစီကို ပြောပါတယ်။

လူဝင်မှု ကြီးကြပ်ရေးနဲ့ အလုပ်သမား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်ကတော့ ဒီလို ဖိအားပေးမှုတွေ မရှိဘူးလို့ ငြင်းဆိုထားပြီး NVC ကတ်ပြားထုတ်ပေးမှု အစီအစဉ်ကို နယ်မြေလူထုက ပူးပေါင်း ဆောင်ရွက်မှု ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ရခိုင် ပြည်နယ်မှာ NVC ကဒ် ထုတ်ပေး

နိုင်ငံသားဖြစ်မှု စိစစ်ရေးလုပ်ငန်းစဉ် ပြန်စမယ်

ဒါပေမယ့် NVC ကတ်ပြား လျှောက်ထားမယ့်သူတွေကို အကြမ်းဖက်သမားတွေနဲ့ တခြား ဆက်စပ်သူတွေက ခြိမ်းခြောက်မှုတွေ ရှိနေပြီး ဒီလူတွေကို နယ်မြေခံ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိ NLD အစိုးရတက်လာပြီး NVC ကတ်ပြား ထုတ်ပေးရေး လုပ်ငန်း လုပ်ခဲ့တုန်းကလည်း ဒီကတ်မရှိသူတွေ ငါးဖမ်းစက်လှေ မလိုက်ရဆိုပြီး တားမြစ်ခဲ့တဲ့အတွက် ဘူးသီးတောင်၊ မောင်တော ငါးဖမ်းစက်လှေ လုပ်သား ရှားပါးခဲ့လို့ လုပ်ငန်း ရပ်ဆိုင်းရမှုတွေ ရှိခဲ့ပြီး ဒီကတ် ကိုင်သူတွေကိုပဲ ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ် ပြောင်းလဲ ခန့်အပ်တာတွေ ရှိခဲ့ပါတယ်။

မောင်တော ခရိုင်မှာ လူဦးရေ တသန်းကျော် ရှိပေမယ့် NVC ကတ် ထုတ်ယူထားသူ ၆၀ဝ၀ ကျော်သာ ရှိတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက လွန်ခဲ့တဲ့ ၃ လက ဘီဘီစီကို ပြောဆိုထားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင် တချို့ကတော့ သူတို့မိဘတွေဟာ မြန်မာနိုင်ငံသား ဖြစ်ခဲ့ပြီး သူတို့ ကိုယ်တိုင်လည်း သုံးခေါက်ချိုး နိုင်ငံသား စိစစ်ရေး ကတ်ပြား ကိုင်ခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲမှာလည်း မဲပေးခွင့် ရခဲ့ပြီးသား ဖြစ်တဲ့အတွက် အခု NVC ကတ် လျှောက်ပြီး စစ်ဆေးမှုကို လက်မခံတာ ဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။