ရှီအာ လက်နက်ကိုင်အဖွဲ့ ဖျက်သိမ်းဖို့ အမေရိကန်ပြော

ဓာတ်ပုံ မူပိုင် EPA
Image caption အီရန် ကျောထောက်နောက်ခံ ပေးထားတဲ့ Popular Mobilisation Units (PMU) တပ်ဖွဲ့၀င်တွေ

အီရတ်မှာ အိုင်အက်စ် အဖွဲ့ကို တိုက်နေတဲ့ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင် အဖွဲ့ကို ဖျက်သိမ်းပစ်သင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တေလာဆင်က ပြောပါတယ်။

အခုအခါ စစ်ပွဲ ပြီးဆုံးလုနီးပါး ဖြစ်တာကြောင့် အီရတ်မှာ ရှိတဲ့ အီရန်က အားပေး ထောက်ခံတဲ့ လက်နက်ကိုင်တွေကို မလွဲမသွေ အိမ်ပြန်ဖို့ လိုပြီး အဲဒီ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အီရတ် အစိုးရ တပ်ဖွဲ့ထဲ ၀င် ပူးပေါင်းတာ ဒါမှမဟုတ် အိမ်ပြန်ဖို့ အချိန်ရောက်ပြီ လို့ မစ္စတာ တေလာဆင်က ဆိုပါတယ်။

ဒေသတွင်းမှာ အီရန်ရဲ့ လွှမ်းမိုးမှု လျော့ချဖို့ အတွက် ကာတာနဲ့ ဆော်ဒီ အာရေဗျနိုင်ငံတွေကို မစ္စတာ တေလာဆင် ရောက်ရှိစဉ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဘဂ္ဂဒက်နဲ့ ဒမားစကပ်စ် မြို့တွေက အိုင်အက်စ်တွေကို တိုက်ခိုက်နေခြင်းဟာ အီရန်နဲ့ အီရတ် က ရှီးယားတွေ အတွက် အနစ်နာခံ တိုက်နေခြင်း မဟုတ်ဘဲ သူတို့ရဲ့ အိုးအိမ်ကို ကာကွယ်နေခြင်း ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီး ဂျာဗက်ဒ် ဇာရစ်ဖ်က တုန့်ပြန်လိုက်ပါတယ်။

အမေရိကန် အနေနဲ့ ကာ့ဒ် တပ်ဖွဲ့ဝင်တွေ ကို အီရတ် တပ်တွေ နဲ့ ပူးပေါင်းမှု ရှိပြီး အစ္စလမ် စစ်သွေးကြွ အိုင်အက်စ် တွေ ကို တိုက်ခိုက်စေလိုကြောင်း အရှေ့ အလယ်ပိုင်း ခရီးစဉ် အတွင်း၊ ကာတာ နိုင်ငံ မြို့တော် ဒိုဟာ အရောက်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တစ်လာဆင် က အလေးနက်ထား ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံ အပေါ်မှာ ချမှတ်ထားတဲ့ အမေရိကန် ရဲ့ မူဝါဒ အသစ်ကြောင့် အီရန် နဲ့ စီးပွားရေး ဆက်ဆံမှု ပြုတဲ့ ဥရောပ ကုမ္ပဏီ တွေ အနေနဲ့ လည်း ကြီးမားတဲ့ စွန့်စားမှု ပြုဘွယ်ရာ ရှိတဲ့ အကြောင်း ဆော်ဒီ အာဏာပိုင်တွေ နဲ့ တွေ့ဆုံ ဆွေးနွေး ကြရာမှာ မစ္စတာ တစ်လာဆင် က သတိပေး စကား ပြောကြားခဲ့ပါတယ်။

တချိန်ထဲမှာ အီရန် ဟာ အမေရိကန် ရဲ့ မဟာမိတ် ဆွန်နီ အာရပ် လေးနိုင်ငံ အကြားမှာ အငြင်းပွားဘွယ်ရာ ကို ဖန်တီးနေတဲ့ အကြောင်း ကိုလည်း မစ္စတာ တစ်လာဆင် က ထောက်ပြ ပြောဆို သွားပါတယ်။

ဒါပေမဲ့ အမေရိကန်ဟာ ဆော်ဒီ နဲ့ ကာတာ နိုင်ငံ အကြား အငြင်းပွားမှု ကို တော့ မဖြေရှင်း နိုင်သေးပါဘဲ ကာတာ ဟာ ဆွန်နီ အာရပ် နိုင်ငံတွေ အပေါ် ဆန့်ကျင်နေတဲ့ အုပ်စုတွေ ကို ထောက်ခံ အားပေးနေတယ် ဆိုတဲ့ စွပ်စွဲချက် ရှိခဲ့ပြီး ဆော်ဒီ ဘက်ကလည်း ကာတာ နဲ့ ဒီကိစ္စ တိုက်ရိုက်ဆွေးနွေး ညှိနှိုင်းဖို့ ကို အဆင်သင့် မဖြစ်သေးတဲ့ အတွက် မစ္စတာ တစ်လာဆင် ရဲ့ ကြိုးပမ်းချက်တွေ မအောင်မြင်သေးတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။