နေပြည်တော်ရောက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ရိုဟင်ဂျာအရေး ဆွေးနွေးမယ်

ဓာတ်ပုံ မူပိုင် BBC Bengali
Image caption ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး အာဆဒ်ဒူဇာမန် ခန်း

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး အာဆဒ်ဒူဇာမန် ခန်း ဟာ အောက်တိုဘာ ၂၃ရက် က မြန်မာနိုင်ငံ ကို ရောက်ရှိ လာပြီး အောက်တိုဘာ ၂၄ရက်မှာတော့ နေပြည်တော် မှာ မြန်မာ အစိုးရ ဝန်ကြီး အဆင့် အစိုးရ အရာရှိတွေ နဲ့ ရိုဟင်ဂျာ အရေးကိစ္စ ဆွေးနွေးကြဖို့ ရှိပါတယ်။

အကြောင်းအရာ လေးခု ဆွေးနွေးဖို့ သဘောတူထားပြီး အဲဒီ အထဲမှာ မကြာခင် က ဘင်္ဂလားဒေ့ရှ် နယ်စပ် ကို ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံ ဘက်က ဒုက္ခသည် ၅ သိန်း ကိစ္စ ပါဝင်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီး က ပြောပါတယ်။

ဒါ့အပြင် သြဂုတ်လ ၂၅ ရက် တိုက်ခိုက်မှု မတိုင်ခင် ကတည်းက ဘင်္ဂလားဒေ့ရှ်မှာ ရောက်နှင့်နေကြသူ ၅ သိန်း ခန့် ဟာလည်း ဘင်္ဂလားဒေ့ရှ် ဘက် ကို အတင်းအကျပ် ပြောင်းရွှေ့ ခံရလို့ ရောက်လာတာ ဖြစ်တဲ့ အတွက် သူတို့ကို ဘယ်လို ပြန်ပို့ မလည်း ဆိုတဲ့ ကိစ္စကိုလည်း ဆွေးနွေးမယ့် အထဲမှာ ပါဝင်တယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး အာဆဒ်ဒူဇာမန် ခန်း က ဆိုပါတယ်။

မြန်မာဘက် က လည်း ရိုဟင်ဂျာတွေ ကို ပြန်ပို့ရေး သဘောတူညီချက် မရခင် မှာ လုံခြုံရေး က အရေးကြီးကြောင်း ပြောတဲ့ အတွက် အိမ်နီးချင်း နိုင်ငံ ရဲ့ လုံခြုံရေး ကို ထိခိုက်စေမဲ့ အကြမ်းဖက် ခွဲထွက်ရေး သမားတွေ ကို ဘင်္ဂလားဒေ့ရှ် နယ်မြေ ကို အသုံးပြုခွင့် ပေးမှာ မဟုတ်တဲ့ အကြောင်းလည်း မစ္စတာ ခန်းက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် မြန်မာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ရေးထိုးဖို့ ရှိပါတယ်။