မြန်မာကို ပြင်းထန်စွာ အရေးယူဖို့ ရန်ဟီးလီက လုံခြုံရေးကောင်စီကို တိုက်တွန်း

Image caption မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရန်ဟီးလီ

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကျပ်အတည်းကိစ္စ အပေါ် လုံခြုံရေးကောင်စီ အနေနဲ့ ဒီထက် ပိုမိုပြင်းထန်တဲ့ ဆုံးဖြတ်ချက်ချ အရေးယူ ဆောင်ရွက်မှု လုပ်ဆောင်ဖို့ မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရန်ဟီးလီက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာတွေ နဲ့ တခြားလူ့အဖွဲ့အစည်းတွေအပေါ် ဆန့်ကျင်တဲ့ အမုန်းစကား ဖြန့်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာကို ရှုတ်ချကြောင်းနဲ့ ၊ ဒါတွေက ရန်လိုမှုတွေ ဖြစ်စေတဲ့ အပြင် အကြမ်းဖက်မှု ပေါက်ပေါက်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ ရန်ဟီးလီက လေးလေးနက်နက် ပြောကြားခဲ့ပါတယ်။

မြန်မာ အစိုးရ အနေနဲ့ တရားဥပဒေစိုးမိုးရေး ကောင်းကောင်းမွန်မွန် လည်ပတ်အောင် ဖန်တီးပေးဖို့ ၊ အခြေခံ ဥပဒေ ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစံနဲ့ အညီ ဥပဒေပိုင်း ဆိုင်ရာ ပြောင်းလဲမှုတွေ ဉီးစားပေး လုပ်ဆောင်ပါလို့ ရန်ဟီးလီက တိုက်တွန်းလိုက်ပါတယ်။

မြန်မာ နိုင်ငံဟာ စီးပွားရေး ၊ လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်ကို လတ်တလော လက်မှတ် ရေးထိုးထားတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်တယ်လို့ သူက ထောက်ပြခဲ့ ပါတယ်။