၂၁ပင်လုံကျင်းပဖို့ UPDJC အစည်းအဝေး ခေါ်ယူမယ်

ဓာတ်ပုံ မူပိုင် MOI
Image caption ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူး အဖွဲ့ အစည်းအဝေး မေလတုန်းက ကျင်းပစဉ်

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ အစည်းအဝေးကို အောက်တိုဘာ ၃ဝ ရက် နေ့မှာ စတင်ပြီး ၂ ရက်တာ ကျင်းပ သွားဖို့ ရှိပါတယ်။

၂၁ ရာစု ပင်လုံ ညီလာခံ နောက်တစ်ကြိမ် ပြုလုပ်ဖို့ ကြိုတင် ပြင်ဆင် နေကြတာ ဖြစ်ပြီး၊ ဒီနေ့ အစည်းအဝေးကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ စီစဉ် ထားပါတယ်။

ပြီးခဲ့တဲ့ ၂၁ ပင်လုံညီလာခံ ပြည်ထောင်စု သဘောတူ စာချုပ် အပိုင်း ၁ မှာ ပါတဲ့ သဘောတူချက်၃၇ ချက် ကိစ္စကို လွှတ်တော်မှာ တင်ဖို့ သင့်မသင့် အစည်းအဝေးမှာ သဘောရှိတယ်လို့ UPDJC ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီက စိုင်းကျော်ညွန့် က ပြောပါတယ်။

ဒါ့အပြင် အရင် ညီလာခံမှာ အဆင်မပြေတာတွေ ကမောက်ကမ ဖြစ်ခဲ့တာတွေ ရှိတော့ကာ နိုင်ငံရေး မူဘောင် ပြန်လည် သုံးသပ်ဖို့ ဆွေးနွေး အဖြေရှာဖို့ အတွက် အလုပ်အဖွဲ့သဘောမျိုး Review Committee တရပ်ကို UPDJC ကနေ တရား၀င် သတ်မှတ်ပေးဖို့ အဲဒီကိစ္စတင်ဖို့ ရှိတယ်လို့ သူက ဆိုပါတယ်။

အထက်ပါ ၃၇ ချက်ရဲ့ အားနည်းချက်ကို ထောက်ပြရရင် အထက်က ပြောခဲ့တဲ့ အချက် ၃၇ ချက် ကိစ္စကို ကြေလည်မှု မရှိဘူး ပြောနေကြပြီး အားလုံး ပါ၀င်မှု မရှိဘူးလို့ ပြောကြတာ ရှိသလို ပါ၀င်တဲ့အဖွဲ့တွေ နည်းပြီး ကိုယ်စားပြုမှု မလုံလောက်သေးဘူး ဖြစ်နေတော့ ဒီအခြေအနေ အတိုင်း ရှေ့ဆက်သွားမယ် ဆိုရင် ဝေဖန်စရာ ဖြစ်လာလိမ့်မယ်လို့ စိုင်းကျော်ညွှန့် က ပြောပါတယ်။

သဘောတူချက် ၃၇ ချက်ရဲ့ အားသာချက်ကို ပြောရမယ် ဆိုရင်တော့ ဒီကိစ္စကို လွှတ်တော်တင်တဲ့ အခါ လွှတ်တော်က ဘာဆက်လုပ်မလဲ ၊ ဘယ်လို အတည်ပြုပေးမလဲ ဆိုတာတွေကို သိခွင့်ရမှာ ဖြစ်တဲ့ အတွက် အကျိုးကျေးဇူး ရှိလာနိုင်တယ်လို့ သူက ဆိုပါတယ်။

ရှေ့ဆက်ပြီး အကုန်လုံး ပါဝင်နိုင်တဲ့အ နေအထား ဖြစ်အောင် လုပ်ဆောင်ဖို့ လိုသလို လုပ်ငန်းကော်မတီမှာ အစက အမျိုးသား အဆင့် ၁၅ယောက်ရှိခဲ့ပေမယ့် အခုအခါမှာ ဘယ်လို လုပ်မလဲ ၊ ဘာတွေ ဆွေးနွေးကြမလဲ ၊ တသမတ်တည်း ဖြစ်အောင် ပုံစံကျသွားအောင် သုံးသပ်ဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

ခုအချိန်မှာ ပြန်လည် သုံးသပ်မှုတွေ ကို ပြန်လည် ပြင်ဆင်ပြီးသွားတဲ့ အခါ မူကြမ်း ထွက်လာရင် ဒါတွေကို ပြန်အတည်ပြုဖို့ လိုပြီး အဲဒီလို အနေအထားမှာ UPDJC ထပ်ခေါ်ရမယ့်အပြင် ညီလာခံ ကျင်းပဖို့ အဆင်သင့် မဖြစ်လောက်တဲ့ အနေအထားမျိုး ဖြစ်နေပြီး တလကျော် အတွင်းမှာ လုပ်စရာ အများကြီး ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှမ်း နဲ့ ရခိုင်မှာ ဆိုရင်လည်း ဒီလို အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ မကျင်းပရသေးတာကြောင့် လုပ်ရမယ့် လုပ်ငန်းစဉ်ကို တန်းစီလိုက်ရင် ၂၁ ပင်လုံ ညီလာခံ ထပ်မံ ခေါ်ယူရေး ကိစ္စဆိုတာ လာမယ့် ဒီဇင်ဘာ ကနေ နောက်ကို ရွေ့သွားနိုင်တယ်လို့ စိုင်းကျော်ညွှန့်က ရှင်းပြခဲ့ပါတယ်။