ကက်တလန်ခေါင်းဆောင်ဟောင်းကို တရားရင်ဆိုင်ဖို့ စပိန်ပြန်လာရမယ်လို့ စပိန်အစိုးရပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption ကက်တလိုနီးယား အရေး တင်ပြဖို့ ဘရပ်ဆဲလ်စ်ကို လာတာလို့ ပုဂျ်ဒမွန်ပြော

ရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ ကက်တလန် ခေါင်းဆောင် ကားလက်စ် ပုဂျ် ဒမွန်ကို နိုင်ငံတော် အကြည်ညို ပျက်အောင် လုပ်မှု၊ ပုန်ကန်ထကြွမှု စွဲချက်တွေကို ဖြေရှင်းဖို့ စပိန်နိုင်ငံကို ပြန်လာရမယ်လို့ စပိန် အစိုးရက ပြောကြားလိုက်ပါတယ်။

ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူးလို့ စပိန်အစိုးရက ပြောကြားလိုက်ပြီး ကက်တလိုနီးယားကို လွတ်လပ်ရေး ကြေညာခဲ့အပြီး ရာထူးကနေ အထုတ်ခံခဲ့ရတဲ့ မစ္စတာ ပုဂျ် ဒမွန် အနေနဲ့ အထက် တရားရုံးမှာ လာတရားရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။

မစ္စတာ ပုဂျ် ဒမွန်ဟာ လောလောဆယ် ဘရပ်ဆဲလ်စ်မြို့မှာ ရောက်နေပါတယ်။

လွတ်လပ်တရားမျှတတဲ့ ကြားနာ စစ်ဆေးမှု လုပ်ပါ့မယ်လို့ အစိုးရက အာမ မခံရင် စပိန်နိုင်ငံကို သူပြန်လာမှာ မဟုတ်ဘူးလို့ မစ္စတာ ပုဂျ် ဒမွန်က ပြောပါတယ်။

မစ္စတာ ပုဂျ် ဒမွန်က သူဟာ ခိုလှုံခွင့် ခံယူဖို့ ဘရပ်ဆဲလ်စ်မြို့ကို လာတာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ဖြုတ်ချခံခဲ့ရတဲ့ ကက်တလန် အစိုးရ အဖွဲ့ထဲက မစ္စတာ ပုဂျ်ဒမွန်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း အတော်များများကတော့ တရားရုံးမှာ လာတရားရင်ဆိုင်ဖို့ သဘောတူကြမယ့် ပုံရှိတယ်လို့ ဘာစလိုးနားမြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။