အမေရိကန်သမ္မတရဲ့ ၁၁ ရက်ကြာ အာရှခရီး စတင်

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်က နုတ်ထွက်ထားပြီး ဂျပန်နဲ့ ဗီယက်နမ်တို့ပါဝင်တဲ့ ပစိဖိတ်တလျှောက် လွတ်လပ်စွာ ပူးပေါင်း ကုန်သွယ်ရေး စာချုပ်ကိစ္စလည်း ဆွေးနွေးနိုင်

အမေရိကန်သမ္မတ ထရမ့်ဟာ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း အမေရိကန်သမ္မတ တယောက်အတွက် ကာလအကြာဆုံး ခရီးစဉ်အဖြစ် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဖိလစ်ပိုင်နဲ့ဗီယက်နမ်နိုင်ငံတွေကို သွားရောက်ဖို့ ခရီးကို နိုဝင်ဘာလ ၄ ရက်နေ့မှာ စတင်ခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးလက်နက်အရေး တင်းမာမှုတွေ ရှိတဲ့အချိန်မှာ သွားရောက်မယ့် အစီအစဉ်ဖြစ်ပြီး မစ္စတာ ထရမ့်က ခရီးစဉ်အတွင်းမှာ တောင်ကိုရီးယားနဲ့ ဂျပန်တို့နဲ့ တသားတည်းရှိကြောင်းပြဖို့နဲ့ မြောက်ကိုရီးယားကို တရုတ်က ပိုပြီး ပြင်းပြင်းထန်ထန် ဖိအားပေးရေးလုပ်မယ်လို့ ယူဆမှုတွေ ရှိနေပါတယ်။

သမ္မတ ထရမ့်ဟာ သူ့ရဲ့ ခရီးစဉ်အတွက် ပထမဆုံး အနေနဲ့ ဟာဝါယီကျွန်းကိုရောက်ရှိနေပြီး ဒီကျွန်းမှာရှိတဲ့ အမေရိကန် ပဖိဖိတ် စစ်ဌာနချုပ်က အရာရှိတွေက ဒေသတွင်း လုံခြုံရေးဆိုင်ရာ အခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဟာဝိုင်ယီက အမေရိကန် ပစိဖိတ် စစ်ဌာနချုပ် ဗိုလ်ချုပ်ကြီး ဟယ်ရီ ဟဲရစ်နဲ့ မစ္စတာ ထရမ့်တွေ့ဆုံစဉ်

နောက်ပိုင်းမှာတော့ မစ္စတာ ထရမ့်နဲ့ သူ့ရဲ့ ဇနီးတို့ဟာ ကျွန်းပေါ်က ပုလဲဆိပ်ကမ်းမှာရှိတဲ့ ဒုတိယ ကမ္ဘာစစ်အတွင်း ၁၉၄၁ မှာ ဂျပန်တွေရဲ့ ဗုံးကြဲနှစ်မြှုပ်ခြင်းခံရတဲ့ အမေရိကန်စစ်သင်္ဘောရှိတဲ့ နေရာကို သွားရောက်ပြီး လွမ်းသူ့ပန်းခွေ ချခဲ့ကြပါတယ်။

သမ္မတ ထရမ့်နဲ့ ဇနီးတို့ဟာ ဟာဝါယီကနေမှတဆင့် ဂျပန်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး အဲဒီနောက်မှာတော့ တောင်ကိုရီးယားကို သွားမှာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သမ္မတ ထရမ့် အာရှခရီးစဉ် စဖို့ပြင်ဆင်

မစ္စတာ ထရမ့်ဟာ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နဲ့ အပြန်အလှန် ဖိနှိပ် ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် ခရီးစဉ်အတွင်းမှာ တောင်နဲ့ မြောက်ကိုရီးယားနယ်စပ်က စစ်ရေးကင်းမဲ့ဇုန် လုပ်ထားတဲ့ နေရာအထိတော့ သွားမှာ မဟုတ်ဘူးလို့ သူ့ရဲ့ အကြံပေးတွေက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောဆိုထားခဲ့ပါတယ်။

သမ္မတ ထရမ့်ရဲ့ အာရှခရီးစဉ် အတွင်းမှာ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် ဗီယက်နမ်နိုင်ငံ ဒနန်မြို့က အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ထိပ်သီး အစည်းအဝေးနဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံမှာ မနီလာမြို့မှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံအသင်းရဲ့ ထိပ်သီးအစည်းအဝေး ၂ ခုကို တက်ရောက်မှာ ဖြစ်ပြီး ဒီအစည်းအဝေး ၂ ခု မတိုင်ခင်မှာ တရုတ်သမ္မတ ရှီဂျင်ပင်းနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဒီခရီးစဉ်မှာ မြောက်ကိုရီးယားကိစ္စအပြင် အမေရိကန်က နုတ်ထွက်ထားပြီး ဂျပန်နဲ့ ဗီယက်နမ်တို့ပါဝင်တဲ့ ပစိဖိတ်တလျှောက် လွတ်လပ်စွာ ပူးပေါင်း ကုန်သွယ်ရေး စာချုပ်ကိစ္စ၊ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုကိစ္စ၊ ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးမှာဖြစ်ပြီး အမေရိကန်နဲ့ ဆက်ဆံရေး ပြေလည်မှု လျော့နည်းလာတဲ့ ဖိလစ်ပိုင်သမ္မတနဲ့လည်း သမ္မတ ထရမ့်က တွေ့ဆုံမှာ ဖြစ်ပါတယ်။

ရုရှားအစိုးရ အရာရှိတွေကလည်း မစ္စတာ ထရမ့် ဗီယက်နမ်က အစည်းအဝေးကို ရောက်တဲ့အချိန်မှာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့နိုင်ဖို့ စီစဉ်နေတယ်လို့ ပြောဆိုထားပြီး ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ဂျာမနီက စက်မှုထိပ်သီး နိုင်ငံ ၂၀ အစည်းအဝေးအတွင်း ဒီခေါင်းဆောင် ၂ ဦး တွေ့ဆုံခဲ့အပြီးမှာ ပထမဆုံးအကြိမ် ထပ်မံတွေ့ဆုံမှုလည်း ဖြစ်လာနိုင်ပါတယ်။