နိုင်ငံပေါင်း ၅၀က နိုင်ငံရေးသမား ၁၂၀ အခွန်ရှောင်

ဓာတ်ပုံ မူပိုင် AFP
Image caption ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီး Wilbur Ross(ဝဲ) ဟာ မစ္စတာထရမ့် ရဲ့ စီးပွားရေး လုပ်ငန်းတွေ သာမက နိုင်ငံရေးမှာပါ အရေးပါသူ တယောက်ဖြစ်

ပေါက်ကြား ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေ အရ အမေရိကန် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီး Wilbur Ross ဟာ ရုရှား အစိုးရနဲ့ ဆက်စပ်မှု ရှိနေတဲ့ ကုမ္ပဏီ တခုမှာ ရှယ်ယာ ပါ၀င်ထားတယ် ဆိုတာ ထွက်ပေါ်လာပါတယ်။

ဂျာမန် သတင်းစာ Sueddeutsche Zeitung နဲ့ စုံစမ်းဖော်ထုတ်ရေး နိုင်ငံတကာ သတင်းသမားများအဖွဲ့ ICIJ တို့ရဲ့ ထုတ်ဖော်ချက် အရ ထွက်ပေါ်လာတဲ့ ၁၃သန်းကျော်ရှိတဲ့ စာရွက်စာတမ်းတွေကို ဘီဘီစီက ရရှိထားပါတယ်။

အဲဒီ စာရွက်စာတမ်းတွေ အရ ရုရှား ကုမ္ပဏီ ဖြစ်တဲ့ Sibur အတွက် ရေနံနဲ့ သဘာ၀ ဓါတ်ငွေ့တွေကို သယ်ယူပို့ဆောင်ပေးကာ ဒေါ်လာသန်းနဲ့ချီ ၀င်ငွေ ရနေတဲ့ Navigator Holdings ကုမ္ပဏီမှာ မစ္စတာ ရော့စ်က ရှယ်ယာတွေ ပိုင်ဆိုင်ထားတာ ဖြစ်တယ်လို့ ပေါက်ကြား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီ ကုမ္ပဏီ ပိုင်ရှင် နှစ်ယောက်ဟာ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့ ခံနေရတဲ့ စာရင်းမှာ ပါ၀င်နေတာ ဖြစ်ပြီး သူတို့ဟာ ရုရှား သမ္မတ ပူတင်နဲ့ နီးစပ်သူတွေ ဖြစ်ပါတယ်။

ဒါ့အပြင် Navigator ကုမ္ပဏီ ရဲ့ ဖောက်သည်တွေထဲမှာ ဗင်နီဇွဲလား အစိုးရပိုင် ရေနံ ကုမ္ပဏီ PDVSA လည်း ပါ၀င်ပြီး အဲဒီ ရေနံကုမ္ပဏီ ကလည်း အမေရိကန် ရဲ့ အရေးယူ ပိတ်ဆို့ခံနေရတာ ဖြစ်ပါတယ်။

အမေရိကန် ကူးသန်းရောင်း၀ယ်ရေး ဌာနကတော့ မစ္စတာ ရော့စ် ဟာ ဘာမှ အမှားအယွင်း လုပ်ခဲ့တာ မရှိဘဲ အမေရိကန် ရဲ့ ပိတ်ဆို့မှု စာရင်းထဲပါနေတဲ့ ရုရှားတွေနဲ့ ဘယ်တုန်းကမှ တွေ့ဆုံခဲ့ခြင်း မရှိဘူးလို့ ပြောပါတယ်။

အလားတူဘဲ ပေါက်ကြားထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေ အရ ဗြိတိန် ဘုရင်မကြီး အဲလစ်စဘတ်ရဲ့ ကိုယ်ပိုင် ငွေ ပေါင်ဆယ်သန်းဟာ ကေးမန်းကျွန်းတွေနဲ့ ဘာမြူဒါ တို့မှာ အခြေစိုက်တဲ့ စီးပွားရေး လုပ်ငန်းတွေမှာ မြုပ်နှံထားတယ် ဆိုတာကို ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

အဲဒီအထဲက တချို့လုပ်ငန်းတွေဟာ ၀င်ငွေနည်းသူတွေ အပေါ် မျှမျှတတ ဆက်ဆံခြင်းမရှိခဲ့လို့ နစ်နာကြေးပေးဖို့ အတင်းအကျပ် ဖိအားပေးခံရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

Brighthouse ဆိုတဲ့ အရစ်ကျ ငွေပေးသွင်း ပစ္စည်း ၀ယ်လို့ရတဲ့ ကုမ္ပဏီ ဟာ ဆိုရင် ဖောက်သည်တွေကို မတရား ရောင်းစျေးမြှင့် သတ်မှတ်ကာ အတိုးနှုန်းကလည်း ကိုးဆယ် ရာနှုန်း သတ်မှတ်ခဲ့တဲ့ အတွက် ဝေဖန် ခံခဲ့ရပါတာ ဖြစ်ပါတယ်။

အဲဒီနည်းအရ ကုန်ပစ္စည်း တခုရဲ့ တန်ဖိုးဟာ မ၀ယ်ခင်ကတည်းက နှစ်ဆကျော်လောက် စျေးကြီးနေတာ ဖြစ်ပါတယ်။

ပေါက်ကြား ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေကို စုံစမ်းဖော်ထုတ်သူတွေ ရဲ့ အပြောအရ နိုင်ငံတကာ နာမယ်ကျော် ကုမ္ပဏီ ကြီးတွေ နဲ့ ငွေကြေး ချမ်းသာသူတွေဟာ အခွန်နည်းနိုင်သမျှ နည်းနည်းဘဲ ဆောင်ရအောင် အကြီးအကျယ် လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

နိုက်ကီ ၊ အက်ပဲလ် ၊ အူဘာ နဲ့ ဖေ့စ်ဘွတ်ခ် တို့လို ကုမ္ပဏီ ကြီးတွေဟာ တခြား သန်းကြွယ် ၊ ကုဋေကြွယ် သူဌေးကြီး တွေလိုဘဲ အခွန်ပေးရနည်းတဲ့ နေရာတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်တဲ့ အခွန်ရှောင်နည်းတွေ သုံးခဲ့ကြတာ ဖြစ်ပါတယ်။

Paradise Papers လို့ ခေါ်တဲ့ အဲဒီ ပေါက်ကြား ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေမှာ နိုင်ငံပေါင်း ငါးဆယ်က နိုင်ငံရေးသမား တရာ့နှစ်ဆယ်လောက်ဟာ တနည်းမဟုတ်တနည်းနဲ့ အခွန်ရှောင်ဖို့ လုပ်ဆောင်ကြတယ်လို့ ဆိုထားပါတယ်။

အဲလို အခွန်ရှောင်ကြတဲ့ အတွက် နိုင်ငံမှာ လိုအပ်တဲ့ အခြေခံ ဝန်ဆောင်မှုတွေကို ဖြည့်ဆည်းပေးဖို့ အခွန်ငွေတွေ ကုဋေချီ ဆုံးရှုံးရတယ်လို့ စုံစမ်းဖော်ထုတ်သူတွေက ပြောပါတယ်။