အကူအညီ ဖြတ်တောက်လို့ စစ်ရှောင် တိုင်းရင်းသားတွေ အခက်ကြုံ

ဓာတ်ပုံ မူပိုင် Kevin
Image caption မြန်မာပြည်က စစ်ရှောင်ဒုက္ခသည်တွေကို အကူအညီပြန်ပေးဖို့ ဝါရှင်တန်ရောက် ကရင်တိုင်းရင်းသားတွေ ဆန္ဒပြ တောင်းဆို

နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့မှုတွေကို နိုင်ငံတကာက လျော့ချဖြတ်တောက်လာတာကြောင့် မြန်မာနိုင်ငံက နေရပ်စွန့်ခွာပြေးနေရတဲ့ စစ်ရှောင် ဒုက္ခသည်တွေဟာ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

အဲဒီလို ဖြတ်တောက်ခံရတဲ့ အကူညီတွေ ပြန်ပေးဖို့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ ရောက် ကရင်တိုင်းရင်းသားတွေက ဆန္ဒဖော် ထုတ်ဖော်ခဲ့ကြပါတယ်။

ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည် စခန်းတွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက ရိက္ခာ ပြတ်တောက်နေတာ ဖြစ်ပြီး ရှေ့ဆက် အကူအညီ ရနိုင်ဖို့ ပြည်ပရောက် ကရင် တိုင်းရင်းသားတွေရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေကြရတယ်လို့ အီသုထ စစ်ရှောင်စခန်းက ထောက်ပံ့ရေး ကော်မတီ ဥက္ကဋ္ဌ စောမန်းမန်း က ပြောပါတယ်။

လက်ရှိအခြေအနေမှာ အပစ်ရပ် ကာ ငြိမ်းချမ်းရေး ဖော်ဆောင်နေပြီလို့ ဆိုပေမယ့် မှန်းထားတဲ့ အတိုင်း နိုင်ငံရေး ရည်မှန်းချက်ကို မရောက် နိုင်သေးတဲ့ အခြေအနေ အောက်မှာ အခုလို စစ်ရှောင် ဒုက္ခသည်တွေကို နေရပ်ပြန်ပို့တာ ၊ သူတို့ အတွက် မြေယာ လုပ်ကိုင်နိုင်ဖို့ စီမံ ခန့်ခွဲ ပေးတယ် ဆိုတာတွေဟာ အများကြီး စောလွန်းနေသေးတယ်လို့ သူက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

စက်တင်ဘာ လကုန်ကတည်းက နယ်စပ် ဖြတ်ကျော် ပေးနေတဲ့ အကူအညီတွေ ပြတ်တောက်သွားခဲ့ပြီး တခြား နိုင်ငံတကာ လူမှုကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အေဂျင်စီတွေဆီ ကနေ အကူအညီ စာရေး တောင်းခံခဲ့ပေမယ့် ဘယ် အိုင်အန်ဂျီအိုတွေ ၊ အန်ဂျီအို တွေကမှ အကြောင်းပြန်တာ မရှိသေးဘူးလို့ သူက ဆိုပါတယ်။

ကေအန်ယူ အဖွဲ့ အနေနဲ့တော့ သက်ဆိုင်ရာ ခရိုင်တွေရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး ကျန်းမာရေး ၊ ပညာရေးနဲ့ အခြေခံ ရိက္ခာတွေကို တက်နိုင်သမျှ ပံ့ပိုး ကူညီပေးလျက် ရှိပါတယ်လို့ သူက ပြောပါတယ်။

အခုလို စစ်ရှောင်စခန်းတွေကို အကူအညီ အဓိက ပေးနေတာက USID က ဖြစ်ပြီး အခုအခါ နယ်စပ် ဖြတ်ကျော် အဖွဲ့တွေကနေ မသွားတော့ဘဲ ပြည်တွင်းကိုဘဲ တိုက်ရိုက် သွားဖို့ အကန့်သတ် ဖြစ်သွားတာကြောင့် အခုလို အမေရိကန်က ဝါရှင်တန် ဒီစီလို့ မြို့ကြီးတွေမှာ ဆန္ဒပြမှုတွေဟာ ထိရောက်မှု ရှိနိုင်တာကြောင့် ဒါကို ရည်ရွယ်ပြီး ဝါရှင်တန်ရောက် ကရင်တိုင်းရင်းသားတွေ ဆန္ဒ ထုတ်ဖော်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တခြား နိုင်ငံတကာ က လူသားချင်း စာနာတာဘဲ ဖြစ်ဖြစ် ၊ ဖွံ့ဖြိုးရေး အကူအညီတွေဘဲ ဖြစ်ဖြစ် တိုင်းရင်းသားတွေကို လက်ရှိ Cross Border Aid ကနေဘဲ ဆက်လက် အကူအညီတွေ ပေးသွားဖို့ တောင်းဆိုလိုတယ်လို့ သူက ပြောပါတယ်။

လက်ရှိ အီသုထ စခန်းမှာ ဒုက္ခသည် သုံးထောင်လောက် ရှိပြီး ထိုင်းမြန်မာ နယ်စပ်တလျှောက်က စခန်း ၇ ခုမှာ ဒုက္ခသည် ကိုးသောင်းကနေ တသိန်းထိ ရှိတာကြောင့် သူတို့ရဲ့ လူမှုဘ၀ အသက်မွေးမှုတွေ ဘယ်လို လုပ်ဆောင်ပေးသင့်သလဲ ဆိုတာ စဉ်းစားသင့်ပြီး အဲလိုမှ မဟုတ်ဘဲ တမဟုတ်ချင်း ဒီဒုက္ခသည်တွေကို နေရပ် ပြန်ပို့မယ် ဆိုရင်တော့ လုံးဝ အဆင်ပြေမှာ မဟုတ်ဘူးလို့ အီသုထ အိုင်ဒီပီ ထောက်ပံ့ရေး ကော်မတီ ဥက္ကဋ္ဌ စောမန်းမန်းက ဆိုပါတယ်။