ဂွ သံတွဲ လမ်းဖောက်ဖို့ မလွတ်တဲ့ အဆောက်အအုံ ဖြိုမယ်ဆိုလို့ကန့်ကွက်

ဓာတ်ပုံ မူပိုင် MOI
Image caption လမ်းဖောက်လုပ်မှု အခြေအနေ

ဧရာဝတီတိုင်းက ငါးသိုင်းချောင်းနဲ့ ရခိုင်ပြည်နယ်က ဂွ- သံတွဲတို့အကြား ပြည်ထောင်စု ကားလမ်းမကြီး တစ်ခု ဖောက်လုပ်ဖို့ စီစဉ်နေရာမှာ လမ်းနယ်နမိတ်ကို မြို့ကျေးရွာအတွင်းဆို ပေ ၁၀ဝ နဲ့ အပြင်ဘက်မှာ ပေ ၁၅၀ ထိ သတ်မှတ်ပြီး မလွတ်တဲ့ အဆောက်အဦးတွေကို ဖြိုဖျက်ရမယ်ဆိုပြီး ဂွမြို့နယ် အုပ်ချုပ်ရေးမှူး က အမိန့် ထုတ်ထားပါတယ်။

အဲဒီနောက် ဂွမြို့နယ်က ကမ်းသာယာမှာရှိတဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေကို သတ်မှတ်ထားတဲ့ လမ်းဧရိယာနဲ့ မလွတ်တဲ့အတွက် တစ်လ အတွင်း ဖြိုဖျက်ရမယ်ဆိုပြီး လက်မှတ် လာထိုးခိုင်းတာကြောင့် တချို့က မကျေနပ်မှုတွေ ဖြစ်နေပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကို စတင်လုပ်ကိုင်တဲ့ ဂွမြို့နယ် ကမ်းသာယာမှာ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေကို ဖြိုဖျက်ရမယ်ဆိုပြီး လုပ်လာတဲ့အတွက် ကန့်ကွက်ရတာဖြစ်တယ်လို့ ဟိုတယ်နဲ့ စားသောက်ဆိုင် ပိုင်ဆိုင် ဦးစောသန်းက ပြောပါတယ်။

လမ်းကို ပေ ၁၀ဝထိ သာ အကျယ် ချဲ့မယ်ဆိုရင်တော့ ဂွမြို့နယ်က ကျေးရွာ ၁၅ ရွာလောက်က အိမ်တွေကို ဖြိုဖျက်ရမှာ ဖြစ်သလို တစ်ချို့ဆိုရင်လည် ပြောင်းရွှေ့ရနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။

အခုဆောက်ထားတဲ့ ဆိုင်တွေနေရာတွေဟာ ဘိုးဘွားပိုင် မြေနေရာတွေ ဖြစ်ပြီး လျော်ကြေးလည်း တစ်စုံ တစ်ရာ ပေးဆောင်မယ်လို့ ပြောဆိုတာ မရှိတဲ့အပြင် ဒေသခံ တွေကို ကြို ချပြ ပြောဆိုတာတွေ မရှိဘဲ သူတို့ရဲ့ ပြန်လည် တင်ပြချက်ကိုလည်း အာဏာပိုင်တွေက တစ်စုံတစ်ရာ လက်ခံ နားထောင်တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လမ်းဖောက်မှာက ဘယ်တော့လဲဆိုတာကို မသိရသေးခင် အာဏာပိုင်တွေက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေကို ဖြိုဖျက်ဖို့ စတင် စီစဉ်လာတဲ့အပေါ်မှာ ဒေသခံတွေကတော့ စိုးရိမ်မှုတွေလဲ ရှိနေပါတယ်။