ရခိုင်အရေး အာဆီယံကို သုံးသင့်လို့ အကြံပေး

ဓာတ်ပုံ မူပိုင် Aung Thu Nyeen
Image caption မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုအောင်သူငြိမ်း

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ အာစီယံ ထိပ်သီး အစည်းအဝေး အဆုံးသတ် ကျင်းပ ရာမှာ ဖိလစ်ပိုင် သမ္မတဒူတာတေးက နောက်အလှည့်ကျ ခေါင်းဆောင် ဖြစ်တဲ့ စင်္ကာပူနိုင်ငံကို ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

ဒီအစည်းဝေးနဲ့ အရှေ့ အာရှ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို သမ္မတထရမ့် အပါအဝင် အခြားခေါင်းဆောင် တွေနဲ့ အတူ မြန်မာနိုင်ငံက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ ပါတယ်။

အစည်းအဝေးရဲ့ ကြေညာ စာတမ်းမှာတော့ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာ ပြဿနာကို ဝေဖန်ထောက်ပြတာမျိုး မပါဘူးလို့ မူကြမ်းကို ဖတ်ရတယ် ဆိုတဲ့ ရိုက်တာ သတင်းဌာနကရေးပါတယ်။

အာဆီယံထဲမှာ သဘောထား နှစ်မျိုး ကွဲနေသလို ထင်ရပြီး မလေးရှားလို ရိုဟင်ဂျာတွေ အပေါ် ပိုစာနာမှု ပြနေတဲ့ နိုင်ငံတွေ ရှိသလို ကျန်တဲ့ နိုင်ငံတွေကတော့ မဆိုင်သလို ခပ်လှမ်းလှမ်းကနေ နေကြသူတွေလည်း ရှိတယ် လို့ ယူဆရကြောင်း မဟာဗျူဟာနဲ့ မူဝါ ဒလေ့လာရေးအဖွဲ့မှာ ညွှန်ကြားရေးမှူး ဖြစ်တဲ့ ကိုအောင်သူငြိမ်းက ပြောပါတယ်။

အာဆီယံရဲ့ အခြေခံမူကိုက သူများနိုင်ငံ ပြည်တွင်းရေးမှာ ၀င်မစွက်ဖက်တဲ့ ပေါ်လစီ ရှိတာကြောင့် မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးကို ဒီညီလာခံမှာ တညီတညွတ်တည်း ဆုံးဖြတ်ချက် ချကာ သဘောတူညီချက် ထုတ်ဖို့ ဆိုတာ ဖြစ်လာချင်မှ ဖြစ်လာနိုင်မှာပါလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံ က ရိုဟင်ဂျာ အရေးကိစ္စအပေါ် အနောက် နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဖို့ အနေအထား ရှိနေချိန်မှာ အာဆီယံရဲ့ သံတမန်ရေး အရ ဆန္ဒကောင်းနဲ့ လုပ်တဲ့ ယန္တရား လုပ်ထုံးလုပ်နည်းတွေကို သုံးသင့်တယ်လို့ ယူဆကြောင်း သူက ရှင်းပြပါတယ်။

လက်ရှိ အခြေအနေမှာ မြန်မာ အစိုးရက ရခိုင် အရေးကို အပြောနဲ့ မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြဖို့ ကော်မတီ တရပ်ဖွဲ့ကာ လုပ်ဆောင် နေပေမယ့် နိုင်ငံတကာက လိုချင်တာက အဲဒီ ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိမရှိ သိချင်နေတာ ဖြစ်တဲ့ အတွက် သီးခြားလွတ်လပ်တဲ့ အဖွဲ့တခုခုကနေ စေလွှတ်တဲ့ Fact Finding Mission လို အချက်အလက် ရှာဖွေရေး အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးခွင့် ပြုတဲ့ကိစ္စမှာ အာစီယံရဲ့ အကူအညီ တွေ ရယူသင့်တယ်လို့ သူက အကြံပေးခဲ့ပါတယ်။