နိုင်ငံသားစိစစ်ရေးကတ်ရှိမှ ငါးဖမ်းခွင့်ပြု

နိုင်ငံသားစိစစ်ရေးကတ် ရှိမှငါးဖမ်းခွင့်ပြုမယ်လို့ အစိုးရသတ်မှတ်

ဓာတ်ပုံ ရင်းမြစ်, EKO

ဓာတ်ပုံ ပုံစာ,

နိုင်ငံသားစိစစ်ရေးကတ် ရှိမှငါးဖမ်းခွင့်ပြုမယ်လို့ အစိုးရသတ်မှတ်

ရခိုင်ပြည်နယ်မှာ နိုင်ငံသား စိစစ်မှု ဆိုင်ရာ အထောက်အထား ကတ်ပြား NVC ကတ်ရှိမှသာ ငါးဖမ်းခွင့်ပြုမယ် လို့ အစိုးရက ပြန်လည် သတ်မှတ်လိုက်တာကြောင့် ငါးဖမ်းစက်လှေတွေဟာ ရပ်ဆိုင်းထားရပါတယ်။

ဒီလို ရပ်ဆိုင်းထားခဲ့တဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ မွတ်ဆလင်တွေဟာ ဒီကိစ္စကြောင့် အခက်တွေ့နေပါတယ်။

ငါးလုပ်ငန်းဦးစီးဌာန ဘက်ကတော့ လုံခြုံရေးအရ ပြန်လည် တင်းကျပ်မှုတွေ လုပ်ရတာလို့ ပြောပါတယ်။

ငါးဖမ်းလှေပေါ်မှာ လိုက်ပါသူတွေဟာ နိုင်ငံသား လက်မှတ်ဒါမှမဟုတ် နိုင်ငံသားစိစစ်ထားတဲ့ NVC ကတ် စတဲ့အထောက်အထား ကတ်ပြားရှိသူတွေကိုသာ ငါးဖမ်းခွင့်ပေးဖို့ ဒါမှမဟုတ် ငါးဖမ်းလှေ လုပ်ငန်းလိုင်စင် ပေးဖို့ဆိုပြီး ပြည်နယ် အစိုးရက ညွုန်ကြားချက် ထုတ်ခဲ့တာဖြစ်ပါတယ်။

အခုအစီအစဉ်အရ လှေပိုင်ရှင်ဖြစ်စေ ငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်တဲ့ လုပ်သားတွေ ဖြစ်စေ NVC ကတ်တွေ ရှိမှသာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နိုင်မှာ ဖြစ်ပြီး လူဝင်မှု ကြီးကြပ်ရေး လဝက၊ ရေကြောင်းဦးစီး ၊ ငါးလုပ်ငန်းဦးစီးဌာန အစရှိတဲ့ ဌာနဆိုင်ရာတွေနဲ့ အဆင့်ဆင့် စိစစ်အတည်ပြုမှုတွေ ရယူရမှာ ဖြစ်ပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနဘက်ကတော့ အရင်ကတည်းက ဥပဒေတွေ ရှိခဲ့ပြီးဖြစ်ပြီး ဥပဒေနဲ့ အညီ ပြန်လည်ဆောင်ရွက်ရတာဖြစ်တယ် ဆိုပါတယ်။

ဒီလို ပြန်လည် တင်းကျပ်လာတာဟာ တလ ကျော်လောက်ရှိလာခဲ့ပြီဖြစ်ပြီး အဲဒီအစီအစဉ်ကြောင့် စစ်တွေ တမြို့နယ်ထဲမှာတင် ငါးဖမ်းစက်လှေ ၅၀ဝ ကျော်လောက်ဟာ ငါးဖမ်းထွက်နိုင်မရှိတော့တာတွေ ဖြစ်လာနေတာ ဖြစ်ပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

မွတ်ဆလင် အများစုဟာ နိုင်ငံသားကတ် မရှိသလို NVC ကတ် လျှောက်ထားရေးမှာလည်း ဝိဝါဒ ကွဲပြားစရာ အမျိုးမျိုးဖြစ်နေတဲ့အတွက် လာရောက်လျှောက်ထားသူ အနည်းအကျဉ်းသာ ရှိနေတာပါ။

စစ်တွေ ပတ်ဝန်းကျင်မှာ ငါးဖမ်းတဲ့ အလုပ်လုပ်တဲ့ မွတ်ဆလင်တွေ အများကြီးရှိပါတယ်။ လှေတစီးမှာ လုပ်သား ၁၀ယောက်ရှိတယ် ဆိုရင် ၇ယောက်နဲ့ ၈ယောက်လောက်ဟာ အသိအမှတ်ပြု ကတ်ပြားတွေ မရှိပါဘူး။

သဲချောင်းဘက်မှာဆိုရင် ပိုင်ရှင်ကော အလုပ်သမားတွေ အားလုံးပါ မွတ်စလင်တွေ ဖြစ်ပြီး အခုလို ငါးဖမ်းခွင့်မရတာကြောင့် တလကျော်လာတဲ့အခါ စားဝတ်နေရေး အများကြီး အခက်အခဲဖြစ်နေတယ်လို့ သဲချောင်းကျေးရွာက ဟာဂျီအီစွပ်က ပြောပါတယ်။

သဲချောင်း ကျေးရွာက ဟာဂျီအီစွပ်ပြောသွားတာပါ။

ဟာဂျီအီစွပ်ကတော့ သုံးခေါက်းချိုးနိုင်ငံသား စိစစ်ကတ်ပြားရှိပြီး သူ့စက်လှေမှာ အလုပ်လုပ်တဲ့ ငါးဖမ်းလုပ်သားအများစုဟာ NVC အပါဝင် အထောက်အထားကတ်ပြားတွေ မရှိတဲ့အတွက် သူ့စက်လှေကိုလည်း ရပ်နားထားရပါတယ်။

အဲဒီလူတွေထဲမှာ အစဉ်အဆက်နေခဲ့ကြတဲ့ မွတ်ဆလင်တွေလည်း ရှိသလို ၂၀၁၂ ခုနစ်က ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ မွတ်ဆလင်တွေလည်း ငါးဖမ်းလုပ်ငန်းနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေကြတာပါ။

တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေဖြစ်ခဲ့တဲ့ မောင်တောခရိုင်အတွင်းမှာဆိုရင်လည်း အဲဒီNVC ကတ်မရှိသူတွေကို ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခွင့်မရှိတာကြောင့် ထိခိုက်မှုတွေရှိခဲ့ပါတယ်။