အဓမ္မ ပြုကျင့်ခံရတဲ့ တွေ့ရှိချက် အစီရင်ခံစာကို လူ့အခွင့်အရေးအဖွဲ့တွေ ထုတ်ပြန်

ဓာတ်ပုံ မူပိုင် Getty Images
Image caption UN နဲ့ မေးမြန်းခန်းမှာ သူ့မိသားစုဝင် တယောက် အသတ်ခံရတယ်လို့ ဖြေကြားခဲ့တဲ့ အမျိုးသမီး

လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW နဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International တို့ ဟာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်ခံရတဲ့ တွေ့ရှိချက် အစီရင်ခံစာ တွေကို ထုတ်ပြန်လိုက်ပြီး နယူးယောက်မြို့ ကုလသမဂ္ဂရုံးမှာ ရှင်းလင်း တင်ပြခဲ့ပါတယ်။

HRW က ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာကို All of my body was Pain လို့ ခေါင်းစဉ် ပေးထားပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြတဲ့ မွတ်ဆလင် ဒုက္ခသည် အမျိုးသမီးတွေ မြန်မာနိုင်ငံမှာ အကွက်ချ စီစဉ် အဓမ္မ ပြုကျင့်ခံရတယ် ဆိုတာကို အသေးစိတ် ဖေါ်ပြ ထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေး လာတဲ့ ရိုဟင်ဂျာ အမျိုးသမီး နဲ့ မိန်းကလေး ၅၂ ယောက်ကို တွေ့ဆုံ မေးမြန်းပြီး အဲဒီအထဲမှာ အမျိုးသမီး ၂၉ ယောက်က အဓမ္မ ပြုကျင့်မှု ကနေ လွတ်မြောက်လာခဲ့တယ်လို့ ဆိုကြောင်း ၊ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေဟာ အမြဲတန်း လိုလို အဓမ္မ ပြုကျင့်တာတွေ လုပ်ခဲ့တယ်လို့ ပြောကြောင်း HRW အမျိုးသမီး အခွင့် အရေး ဆိုင်ရာ ဒါရိုက်တာ နီရှာ ဗာရီရာ က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် အမျိုးသမီး အများစုကို အားလုံးစုဝေးပြီး စစ်တပ် တပ်ဖွဲ့ဝင်တွေက မတရား ပြုကျင့်ကြတာလို့ ဆိုပြီး ဒုက္ခသည်တွေ အများစုဟာ သူတို့မှာ အထောက် အထားတွေ ရှိတဲ့အပြင် ရိုက်နှက် ခံထားရတဲ့ ဒဏ်ရာတွေ ၊ အနာရွတ်တွေ ရှိတယ်လို့ နီရှာ ဗာရီရာ က ဆိုပါတယ်။

ဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ အကူအညီ ပေးရေး အဖွဲ့တွေဆို ရာနဲ့ချီတဲ့ မတရားပြုကျင့်ခံရသူတွေကို ကုသပေး နေရတာပါလို့ သူကပြောပါတယ်။

မြန်မာဘက်ခြမ်းဘက်ကို သွားရောက်ပြီး တွေ့ဆုံ မေးမြန်း တာတွေလုပ်ဖို့ လုပ်ဖို့ အင်မတန်မှ အရေးကြီးတာ ကို သိပေမယ့် ပြဿနာက လွတ်လွတ်လပ်လပ် သွားရောက် လေ့လာ သတင်းယူဖို့ကို မြန်မာ အစိုးရက ခွင့်မပြုဘူးလို့ HRW အမျိုးသမီး အခွင့် အရေး ဆိုင်ရာ ဒါရိုက်တာ နီရှာ ဗာရီရာ က ဆိုပါတယ်။

မကြာသေးခင် ကတော့ မြန်မာ့ တပ်မတော် ကနေ အဲဒီ ရခိုင် မြောက်ပိုင်းက မွတ်ဆလင် အများ အပြား ကို တွေ့ဆုံ မေးမြန်းမှုတွေ လုပ်ခဲ့ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

အဲဒီ တွေ့ရှိချက်တွေ အရ၊ လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ HRW စွပ်စွဲသလို အဓမ္မပြုကျင့်မှုတွေ မရှိပဲ ၊ အပြစ်မဲ့ ရွာသူ ရွာသားတွေကို ဥပဒေမဲ့သတ်ဖြတ်တာလည်း မရှိသလို မတရား ဖမ်းဆီး ထိန်းသိမ်း ရိုက်နှက်

သတ်ဖြတ်တာတွေလည်း မရှိတာကို တွေ့ရှိရတယ်လို့ တပ်မတော်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါတွေဟာ အမှန်တကယ် ဖြစ်နေတာတွေကို သမာ သမတ် ကျကျ လေ့လာ တွေ့ရှိတာမျိုး မဟုတ်ဘူလို့ မစ် ဗာရီရာ ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ မြန်မာနိုင်ငံပေါ် လက်နက်တင်ပို့ ရောင်းချတာကို အပြည့်အဝ ပိတ်ပင်မှုတွေ လုပ်သင့်ကြောင်း၊ မြန်မာ့တပ်မတော်က တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့

အရေးယူတာတွေ လုပ်ဖို့ လိုအပ်ကြောင်း၊ နောက်ပြီး ကုလသမဂ္ဂ အနေနဲ့ ဒီကိစ္စအပေါ် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးကို တင်သင့်တယ်လို့လည်း HRW က တိုက်တွန်းပြောကြားသွားပါတယ်။

ဒါပေမယ့် အမေရိကန် ပြည်ထောင်စုကတော့ လောလောဆယ် မြန်မာနိုင်ငံ အပေါ် စီးပွားရေး အရ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ဖို့ မလုပ်သေးဘူးလို့ နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တေလာဆင်က မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ပြောကြား ထားခဲ့တာ ဖြစ်ပါတယ်။