မူဂါဘီ ရာထူးက ဆင်းပေးဖို့ ငြင်းဆန်

ဓာတ်ပုံ မူပိုင် AFP
Image caption အသက် ၉၃နှစ် ရှိပြီ ဖြစ်တဲ့ သမ္မတ မူဂါဘီ ရာထူးက ဆင်းပေးဖို့ ငြင်းဆန်နေ

ဇင်ဘာဘွေမှာ သမ္မတမူဂါဘီဟာ သူပါတီကတောင်းဆိုနေတဲ့ကြားက နုတ်ထွက်ဖို့ငြင်းဆန်နေပါတယ်။

အာဏာသိမ်းခံရပြီး နောက်ပိုင်း ပထမဆုံးအနေနဲ့ နိုင်ငံကို ရုပ်မြင်သံကြားမိန့်ခွန်းပြောရာမှာ လာမယ့်လကျင်းပမယ့် အာဏာရ ဇာနုပီအက်ဖ် ပါတီညီလာခံကိုဉီးဆောင်ကျင်းပသွားဖို့ ရည်ရွယ်လျက်ရှိတဲ့ပုံမျိုး ပြောသွားခဲ့ပါတယ်။

စစ်တပ်အနေနဲ့ တိုင်းပြည်ရှေ့ဆက်သွားမယ့်ခရီးမှာ ဥပဒေကြောင်းအရ စိုးရိမ်မှု ရှိနေတာကိုလည်း သူက အသိအမှတ်ပြု ပြောသွားခဲ့ပါတယ်။

အဲလိုမိန့်ခွန်းပြောကြားစဉ်မှာ သူအနားမှာ ဗိုလ်ချုပ်တွေက ခြံရံလျက် ရှိတာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်မှု မရှိဘူးလို့လည်း သူက ဆိုပါတယ်။

တိုင်းပြည်ရဲ့ ရှေ့ခရီးကို ခါးသီးမှု ၊ အငြိုးကြီးမှုတွေမပါဘဲအတူတကွ လက်တွဲလုပ်ဆောင်သွားဖို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။

အခုလို သမ္မတက ရာထူးကဆင်းပေးဖို့ ငြင်းဆန်နေတဲ့အပေါ် မူဂါဘီရဲ့ မဟာမိတ်ဟောင်းတွေက ရှုတ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းကလိုလဘဲ ဆန္ဒပြသူတွေ လမ်းပေါ်ထပ်ပြီး ထွက်လာလိမ့်ဉီးမယ်လို့ စစ်မှုထမ်းဟောင်း အဖွဲ့ အကြီးအကဲ Chris Mutsvangwa ခရစ်မက်စ်ဗန်ဂွာ က ပြောပါတယ်။

လန်ဒန်မှာ ရှိတဲ့ ဇာနုပီအက်ဖ် ပါတီ ပြောခွင့်ရသူကတော့ မစ္စတာ မူဂါဘီမှာ အာဏာလုံး၀ မရှိတော့ဘူးလို့ ဆိုပါတယ်။

ဒီနေ့ တနလာနေ့ နေ့လည်ပိုင်း အထိ နုတ်ထွက်ဖို့ ပါတီက သူ့ကို အချိန်ပေးထားပြီး ဒါမျိုး မလုပ်ခဲ့ရင် သူဟာ စွဲချက်တင်မှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဟရာရီမြို့မှာ လုပ်ခဲ့တဲ့ ပါတီ အစည်းအဝေးမှာ သူတည်ထောင်ခဲ့တဲ့ ပါတီက ခေါင်းဆောင် နေရာကနေ သူ့ကို ဖယ်ရှားပစ်ဖို့ သဘောတူခဲ့ကြပါတယ်။

အာဏာရ ပါတီခေါင်းဆောင်သစ်ကတော့ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ ဒုသမ္မတ အယ်မာဆန် မနန်ဂါဂွာ ဖြစ်ပါတယ်။

ဇင်ဘာဘွေမှာ ဒုသမ္မတ မနန်ဂါဂွာကို မစ္စတာ မူဂါဘေ ထုတ်ပစ်ခဲ့လို့ အခုလို ပြဿနာတွေ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။