ရွှေကျောင်းပြုပြင်ရေး ပြန်စ

ဓာတ်ပုံ မူပိုင် Ko Kyaw Zay Ya
Image caption ရွှေကျောင်း

၂၀၁၆ ခုနှစ်အစောပိုင်းမှာ ရန်ပုံငွေနဲ့ ပစ္စည်းမလုံလောက်မှုကြောင့် ရပ်နားထားခဲ့ရတဲ့ မန္တလေးမြို့ပေါ်က ရွှေနန်းတော်ကျောင်း ပြုပြင်ရေး စီမံကိန်းကို ပြန်စတော့မှာ ဖြစ်ပါတယ်။

ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးလက်ရာတွေထဲက သက်တမ်းနှစ်ပေါင်း ၁၃၀ ကျော်ရှိတဲ့ ရွှေကျောင်းကို ၂၀၁၄ ခုနှစ်ကစပြီး အမေရိကန် သံအမတ်တွေရဲ့ ယဉ်ကျေးမှု အဆောက်အဦးထိန်းသိမ်းရန်ပုံငွေထဲက အမေရိကန် ဒေါ်လာ ၅ သိန်း မတည်ပြီး နှစ် နှစ်အတွင်း အပြီး ပြုပြင်ဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။

ငွေကြေးမလုံလောက်မှုကြောင့် ဒီစီမံကိန်းကို တစ်နှစ်ကျော် ရပ်ဆိုင်းထားခဲ့ရပေမယ့် အဓိက ပြုပြင်ထိန်းသိမ်းမှုတွေထဲက ၅၀ ရာခိုင်နှုန်းလောက်ကို လုပ်ပြီး သွားပြီလို့ ရွှေကျောင်း ပြုပြင်ရေး စီမံကိန်း ဒါရိုက်တာ ဂျက်ဖ် အလန်က ပြောပါတယ်။ ဒါ့အပြင် ကျောင်းအောက်တိုင်တွေမှာ တပ်ထားတဲ့ နယားရုပ်တွေကို ရှေးမူမပျက် ထိန်းသိမ်းတာတွေ ဆက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

ရွှေကျောင်းဟာ မင်းတုန်းမင်းတရားကြီး စံမြန်းခဲ့တဲ့ မြနန်းစံကျော် ရွှေနန်းတော်က အဆောင်ဖြစ်ပါတယ်။ သူနတ်ရွာစံပြီးတဲ့နောက်မှာတော့ သားတော် သီပေါမင်းက အဆောင်တစ်ခုလုံးကို ရွှေ့ပြောင်းပြီး ဘုန်းကြီးကျောင်းအဖြစ် ဆောက်လုပ်လှုဒါန်းခဲ့တာဖြစ်ပါတယ်။ ရွှေကျောင်းကြီး အချောသတ် ပြီးစီးဖို့ နောက်တစ်နှစ် တစ်နှစ်ခွဲလောက် ကြာဦးမယ်လို့ပညာရှင်တွေကပြောပါတယ်။