ကချင်နဲ့ချင်းက ကက်သလစ်တွေ ပုပ်ဖရန့်စစ် တွေ့ဖို့ ရန်ကုန်ဆင်းလာ

ဓာတ်ပုံ မူပိုင် EPA
Image caption ပုပ်ရဟန်းမင်းကြီးကို ဆိုင်းဘုတ်ထောင် ကြိုဆို

ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေရဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ဟာ နိုဝင်ဘာ ၂၇ ရက်ကနေ ၃၀ ရက်ထိ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်ဖို့ရှိပါတယ်။

အဲဒီအတွက် ကချင်နဲ့ ချင်းပြည်နယ်က ကက်သလစ် ဘာသာဝင်တွေက ပုပ်ရဟန်း မင်းကြီးကို တွေ့ဖို့ စိတ်လှုပ်ရှားနေသလို ရန်ကုန်ကို သွားရောက်ဖို့လည်း ပြင်ဆင်နေကြပါတယ်။

ပုပ်ရဟန်းမင်းကြီး လာမယ့် ခရီးစဉ်ကို ကချင်ပြည်နယ် ကက်သလစ် အသင်းတော်က ထုတ်ပြန် ပေးခဲ့ အပြီးမှာတော့ တချို့ဆိုရင် ပုပ်ရဟန်းမင်းကြီးကို တွေ့ဖို့ ရန်ကုန်ကို ကြိုသွားနေသလို တချို့ဆိုရင်လည်း ခရီးစဉ် အတွက် ကြိုတင် ပြင်ဆင် တာတွေ လုပ်နေတယ်လို့ ကချင်ပြည်နယ် မြစ်ကြီးနာမြို့က ကက်သလစ် ဘာသာဝင် ဒေါက်တာ ထွန်းထွန်း ဘရန်က ပြောပါတယ်။

ပုပ်ရဟန်း မင်းကြီး လာရောက်တာဟာ ငြိမ်းချမ်းရေးရဲ့ မျှော်လင့်ချက် အဖြစ် ဒေသခံ ကက်သလစ် ဘာသာဝင်တွေက မှတ်ယူနေကြတယ်လို့လည်း သူက ပြောပါတယ်။

ရန်ကုန်မှာ ပုပ်ရဟန်းမင်းကြီး ကို တွေ့လိုတဲ့ ဒေသခံတွေ ကုန်ကျမှု နည်းအောင် ရထားတွေ စီးလုံး ငှားပေးဖို့လည်း ကချင် ကက်သလစ် အသင်းတော်က စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်က ထောင်နဲ့ချီတဲ့ ကက်သလစ် ဘာသာဝင်တွေ ကလည်း ပုပ်ရဟန်းမင်ကြီးကို သွားရောက် တွေ့ဖို့ရှိနေပါတယ်။

ချင်းပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေး ခက်တဲ့အတွက် တချို့ဆိုရင် နီးစပ်ရာမြို့ကို ခြေလျင် သွားရောက်ပြီး အဲဒီကနေ တဆင့် ကားတွေနဲ့ ရန်ကုန်ကို သွားဖို့ စီစဉ်တာတွေ ရှိတယ်လို့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ကြုံလောင်းကျေးရွာက ကိုနိုင်ဆွေက ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီး လာတာဟာ ကောင်းချီးတခုဖြစ်တယ်လို့ ယူဆနေတဲ့အကြောင်းကိုလည်း ကိုနိုင်ဆွေက ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဒီခရီးစဉ်အတွင်း သမ္မတဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စတဲ့ ခေါင်းဆောင်တွေအပြင် ဘာသာရေးခေါင်းဆောင်တွေ၊ နောက်ပြီး ကက်သလစ် ဘာသာဝင် တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။