ပုပ်ရဟန်းမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ တွေ့မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်မှာ ငြိမ်းချမ်းခြင်းနဲ့ ချစ်ခြင်းမေတ္တာ သယ်ဆောင်လာဖို့ မျှော်လင့်နေကြ

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီးဖရန့်စစ် ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၂၇ရက် ညနေပိုင်းမှာ ရန်ကုန် သိမ်ဖြူလမ်း က စိန့်မေရီဘုရားကျောင်းမှာ သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။

ပုပ်ဖရန်စစ် ရန်ကုန်ကို ရောက်ရှိ

အဲဒီ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံမှာ ဘာသာရေး ခွဲခြားဆက်ဆံမှု မရှိဘူးလို့ ပုပ်ရဟန်းမင်းကြီးကို တပ်မတော် ကာကွယ်ရေး ဉီးစီးချုပ်က ပြောကြား လိုက်ပါတယ်။

တပ်မတော် အနေနဲ့ နိုင်ငံအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ရှိစေဖို့ ဖော်ဆောင်နေတယ်လို့ ပုပ်ရဟန်းမင်းကြီးကို ပြောလိုက်ကြောင်း တပ်မတော် ကာကွယ်ရေး ဉီးစီးချုပ် ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားအချင်းချင်းခွဲခြားဆက်ဆံမှုများ မရှိကြောင်း ကိုလည်း ဗိုလ်ချုပ်မှူးကြီးက ပုပ်ရဟန်းမင်းကြီးကို ပြောခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ပုပ်ရဟန်းမင်းကြီးဖက်က ဒီပြောကြားချက်တွေ အပေါ် ဘယ်လို တုန့်ပြန်ခဲ့သလဲ ဆိုတာ မသိရသေးပေမယ့် သူ့ရဲ့ မြန်မာ ခရီးစဉ် မတိုင်ခင် ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို မသုံးဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းရခိုင်မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်း မြန်မာဖက်ကနေ ဘဂလားဒေ့ရှ် ဖက် ထွက်ပြေးသွားသူ ခြောက်သိန်းကျော် ရှိပြီလို့ ကုလသမဂ္ဂ က ပြောပါတယ်။

မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ လူမျိုးတုန်း ရှင်းလင်းရေး လုပ်နေတယ်လို့ ကုလသမဂ္ဂက စွပ်စွဲ ပြောကြားထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြားလည်း ရှိတယ်လို့ ဆိုနေပါတယ်။

အားနည်းသူတွေဘက်က ရပ်တဲ့ ပုပ်ဖရန်စစ်

မြန်မာနိုင်ငံမှာ တပ်မတော်က အရေးပါတဲ့ ကဏ္ဍမှာ ရှိနေတာကြောင့် ခရီးရောက်မဆိုက် ပုပ်ရဟန်းမင်းကြီးက ကာကွယ်ရေး ဦးစီးချုပ် ကို တွေ့ဆုံတာ ဖြစ်နိုင်ကြောင်း မြန်မာဂျာနယ်လစ်ဇင် အင်စတီကျူရဲ့ ညွန်ကြားရေးမှူး ဦးစိန်ဝင်း က ပြောပါတယ်။

နိုင်ငံတကာမှာ အထင်ကရ အများလေးစားတဲ့ ပုပ်ရဟန်း မင်းကြီးကို အခုလို တွေ့ဆုံတဲ့ အခါမှာ မြန်မာ အာဏာပိုင်တွေကို နိုင်ငံတကာက စွပ်စွဲနေသလို လူမျိုးတုန်း ရှင်းလင်းမှုတွေ လုပ်နေတာ မဟုတ်ကြောင်းကို ပြောပြနိုင်တဲ့ အခွင့်အရေး တရပ်ဘဲလို့ ဦးစိန်ဝင်း ထောက်ပြပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာ အရေးကိစ္စဟာ မြန်မာပြည်အတွက် နိုင်ငံတကာ စာမျက်နှာမှာ အဆိုးရွားဆုံး ကြုံရတာ ဖြစ်တဲ့ အပြင် ၊ ဒီမိုကရေစီ ဆိုင်ရာ အသွင်ကူးပြောင်းရေး လုပ်နေချိန်မှာ ဒီအရေးကြောင့် အလှည့်အပြောင်းတွေ ဖြစ်သွားနိုင်တဲ့ အခုလို အချိန်မှာ ပုပ်ရဟန်းမင်းကြီး ရောက်လာတာ ကောင်းတဲ့ အချက်တချက် ဖြစ်သလို ဒီကိစ္စတွေကို သူ့ကို ရှင်းပြနိုင်ရင် ကောင်းမယ်လို့ သူက ဆိုပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ ရှေ့ဆက် လုပ်ဆောင်သွားမှာတွေကို ကမ္ဘာက သိချင်နေချိန်မှာ ဒီကိစ္စတွေ အပေါ် ဘယ်လို လိုက်နာဆောင်ရွက် ဆိုတာ ပုပ်ရဟန်းမင်းကြီး ကတဆင့် သတင်းစကား ပါးနိုင်ဖို့ အရေးကြီးမယ်လို့ ထင်ကြောင်း မြန်မာဂျာနယ်လစ်ဇင် အင်စတီကျူရဲ့ ညွန်ကြားရေးမှူး ဦးစိန်ဝင်း ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးခရီးစဉ်က ငြိမ်းချမ်းရေး လမ်းစလား

လက်ရှိ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီးဟာ နက်ဖြန် နိုဝင်ဘာ ၂၈ ရက်နေ့မှာ နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြင် နိုင်ငံတော် သမ္မတ တို့နဲ့လည်း တွေ့ဆုံဖို့ ရှိကြောင်း သတင်းရရှိပါတယ်။

ဆက်စပ် အကြောင်းအရာများ