၀နဲ့ယူနန်အစိုးရ မူးယစ်တိုက်ဖျက်ဖို့ ကိစ္စ နားမလည်နိုင်အောင် ဖြစ်ရ

Image caption ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ နဲ့ ယူနန်ပြည်နယ် အစိုးရတို့လက်မှတ်ရေးထိုး

၀ ဒေသကို အုပ်ချုပ်နေတဲ့ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ ထိပ်သီးခေါင်းဆောင်တွေနဲ့ ယူနန်ပြည်နယ် အစိုးရတို့အကြား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ယူနန်အစိုးရနဲ့ ဝ တပ်ဖွဲ့တာဝန်ရှိသူတွေအကြား ဒီဇင်ဘာလ ၂ ရက်နေ့က ဝ ဒေသ ပန်ဆန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ဘိန်းပပျောက်ရေးတို့အတွက် သဘောတူခဲ့ကြတယ်လို့ ဝ ဒေသ ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အရင်တုန်းက လုပ်ဖူးတာမျိုး မရှိဘဲ ၊ ၀ ဒေသ အတွင်းမှာ ဘိန်းစိုက်ပျိုးမှု မရှိတော့တဲ့ အကြောင်းကို ဝ တပ်ဖွဲ့ရဲ့ အရာရှိတဦးဖြစ်တဲ့ ဦးအောင်မြင့် ပြောပါတယ်။

၂၀ဝ၈ အခြေခံ ဥပဒေအရ ဝ ဒေသအဖြစ် သတ်မှတ်ထားတဲ့ မြို့နယ် ၆ မြို့နယ်ထဲက ၄ မြို့နယ်ဟာ ဝ တပ်ဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတာဖြစ်ပြီး အဲဒီနယ်အတွင်း ဘိန်းကင်းစင်ကြောင်းကို ၂၀ဝ၆ ခုနစ်ကတည်းက ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

ကူမင်း ဆိုတာက အဝေးကြီး ဖြစ်ပြီး အဲဒီ အဝေးကြီးက အစိုးရနဲ့ သဘောတူညီမှု လုပ်တဲ့ အပေါ် နားမလည်အောင် ဖြစ်ရတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင် က ပြောပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် လူတိုင်း ၊ နိုင်ငံတိုင်း ၊ အားလုံးမှာ တာ၀န်ရှိတာကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ လုပ်ဆောင်တဲ့ အပေါ်မှာ နားလည်မှုလည်း ပေးနိုင်သလို ထောက်ခံ အားပေးနိုင်ပေမယ့် အခုဟာက ၀ ပြည်နယ် အစိုးနဲ့ မြန်မာ အစိုးရနဲ့ တို့ ပါ၀င်ခြင်း မရှိဘဲနဲ့ တရုတ် ပြည်ထဲက ကူမင်း အစိုးရနဲ့ ဆွေးနွေး သဘောတူတယ် ဆိုတဲ့ အတွက် နားမလည် ဖြစ်ရတယ် လို့ သူက ဆိုပါတယ်။

တကယ်လို့ ရှမ်းပြည်နယ် အစိုးရနဲ့ ကူမင်း အစိုးရ တို့နဲ့ ဆိုရင် ဒါက ပိုပြီး ပုံစံကျတယ်လို့ ထင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်က ပြောပါတယ်။

ဝ တပ်ဖွဲ့အနေနဲ့ သူ့နယ်မြေမှာ ဘိန်းကင်းစင်တယ်လို့ ၂၀ဝ၆ ကတည်းက ကြေညာခဲ့ ပေမဲ့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်မှုနဲ့ ဝ တပ်ဖွဲ့ဟာ ပတ်သက်တယ်ဆိုတဲ့ DEA လိုနိုင်ငံတကာ မူးယစ်စောင့်ကြည့်ရေး အဖွဲ့တွေရဲ့ စွပ်စွဲချက်တွေလည်း ရှိနေခဲ့ပါတယ်။

အခုလို မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ်လို့ စွပ်စွဲခံနေရတဲ့ ဝ တပ်ဖွဲ့ကို မူးယစ်ဆေးဝါးနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ တရုတ်က တွန်းအားပေးနေခဲ့တာကြာပြီလို့ တရုတ်မြန်မာ နယ်စပ်အရေး လေ့လာသူတွေက ဆိုပြီး ဖိအားတွေအောက်မှာ မျက်နှာပန်းလှဖို့အတွက် ဝ တပ်ဖွဲ့အနေနဲ့ မူးယစ်တိုက်ဖျက်ရေး သဘောတူညီချက်ကို ယူနန်အစိုးရနဲ့ သဘောတူညီခဲ့တာ ဖြစ်နိုင်တယ်လို့ ဝ တပ်ဖွဲ့ကို စောင့်ကြည့်နေသူတွေက သုံးသပ်ကြပါတယ်။