လူ့အခွင့်အရေးကောင်စီ အထူးအစည်းဝေးမှာ မြန်မာကိစ္စ ဆွေးနွေးမယ်

ဓာတ်ပုံ မူပိုင် AI
Image caption နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့ Amnesty International

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အထူး အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာကိစ္စကို ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

လူ့အခွင့်အရေး ကောင်စီမှာ မြန်မာ အကြောင်း ဆွေးနွေးဖို့ ဆော်ဒီနဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံက တင်သွင်းခဲ့တာ ဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံတွေက ဆွေးနွေးဖို့ ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပမယ့် လူ့အခွင့်အရေး ကောင်စီ ဆွေးနွေးပွဲမှာ မြန်မာ အကြောင်း ဆွေးနွေးဖို့ နိုင်ငံပေါင်း ၇၃ နိုင်ငံက ထောက်ခံခဲ့တာပါ။

အစည်းအဝေး မစခင်မှာပဲ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့ (Amnesty International) အေအိုင်က ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်ချဖို့ ဒီဇင်ဘာ ၄ ရက် ရက်စွဲနဲ့ ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။

အေအိုင်အဖွဲ့က ပဋိပက္ခ တုံ့ပြန်ရေးဆိုင်ရာ ညွန်ကြားရေးမှူး Tirana Hassan ကတော့ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အရေးပေါ် အခြေအနေတွေကို မီးမောင်း ထိုးပြနိုင်တဲ့ အတွက် ဒီအစည်းအဝေးဟာ အရေးပါတယ်လို့ ဆိုပါတယ်။

ဒါဟာ အရင် ၃လကတင် မဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်ကာလတွေ ကတည်းက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နှိပ်စက် ညှင်းပမ်းမှုတွေကို အစိုးရအနေနဲ့ အသေအချာ တာဝန်ယူဖို့ လိုပြီး ဒါတွေဟာ ကချင်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ရခိုင်မှာ မြန်မာအစိုးရက ကျူးလွန်ခဲ့တဲ့ ကိစ္စတွေမျိုးကို မျက်မြင် ဒိဋ္ဌ တွေ့ခဲ့ရတာကြောင့် လူ့အခွင့်အရေး ကောင်စီက နိုင်ငံတကာက မျှော်လင့်နေတဲ့အတိုင်း အရေးယူ ဆောင်ရွက်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဒါတွေကို မြန်မာအစိုးရ အနေနဲ့ ရပ်တန့်ဖိုသာ မဟုတ် တာဝန်ယူပြီးတော့ ဆောင်ရွက်သင့်ပါတယ်လို့ အေအိုင်အဖွဲ့ရဲ့ ပဋိပက္ခ တုံ့ပြန်ရေးဆိုင်ရာ ညွန်ကြားရေးမှူး တီယာနာ ဟန်ဆန် က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံကလည်း ကိုဖီအာနန်ရဲ့ အစီရင်ခံစာပါ အကြံပေးချက်တွေကို အကောင်ထည်ဖော်ဖို့နဲ့ ဒီပြဿနာကို ဖြေရှင်းနေတယ်လို့ ထုတ်ပြန် ပြောဆိုထားပါတယ်။

အကယ်၍ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးက ဆုံးဖြတ်ချက် တခုခု ထွက်လာမယ်ဆိုရင် မြန်မာအစိုးရက ဘယ်လောက် လိုက်နာ ဆောင်ရွက်မလဲ ဆိုတာ ကြည့်ရမှာ ဖြစ်သလို ဒီဆုံးဖြတ်ချက်အပေါ်မှာ မြန်မာအစိုးရအနေနဲ့ ဘယ်လောက် အလေးအနက် ထားသလဲ ဆိုတာ နိုင်ငံတကာက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်လို့ တီယာနာ ဟန်ဆန် က ပြောပါတယ်။

အစိုးရအနေနဲ့ အကြမ်းဖက်တာတွေကို ရပ်တန့်ဖို့ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးနဲ့ နိုင်ငံသား ဖြစ်ခွင့်ကို ဖိနှိပ်ထားတဲ့ မမျှတတဲ့ ဥပဒေတွေကို ပယ်ဖျက်တာတွေ ဟာလည်း အစိုးရ လုပ်နိုင်တဲ့ အခြေအနေအတွင်းမှာ ရှိတယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုကနေ တဆင့် ဆုံးဖြတ်ချက် ချမှတ်ခဲ့ရင် မြန်မာနိုင်ငံအနေနဲ့ လိုက်နာ ဆောင်ရွက်ဖို့၊ မလိုက်နာဘူး ဆိုရင်လည်း မြန်မာအရေးနဲ့ ပတ်သက်လို့ ဖိအားတွေ ပိုများလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေပါတယ်။