NVC ကိုလက်ခံဖို့ မွတ်စလင် ၅ ဖွဲ့ကတိုက်တွန်း

Image caption မော်လဝီအဖွဲ့ချုပ်ရဲ့ တိုက်တွန်းနှိုးဆော်တဲ့ ကြေညာချက်

စာရွက်စာတမ်း သက်သေ အထောက်အထားမရှိသေးသူတွေကို NVC လက်ခံပြီး နိုင်ငံသား စိစစ်မှု ခံယူကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ် (ဗဟို)အပါအဝင် မွတ်စလင် အဖွဲ့ ၅ ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်က နိုဝင်္ဘာလ ၂၇ ရက်က ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်ကို အစိုးရ သတင်းစာတွေက ဒီဇင်္ဘာလ ၆ ရက်နေ့မှာ သတင်းအဖြစ်ပြန်လည် ဖော်ပြခဲ့ပါတယ်။

မော်လဝီအဖွဲ့ချုပ်အနေနဲ့ ဘာ့ကြောင့် အခုလို တိုက်တွန်းခဲ့တာလဲလို့ ဘီဘီစီက မေးမြန်းရာမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အရှိအတိုင်း ထုတ်ပြန်ကြေညာဖို့ ပြောဆိုလို့ ကြေညာပေးရတာလို့ ဆိုပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမြင့်ကြိုင်ကတော့ မွတ်စလင် အဖွဲ့အစည်းတွေကို နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ခေါ်ယူရှင်းလင်း ဆွေးနွေးခဲ့တာသာဖြစ်ပြီး တစုံတရာ ဖိအားပေးခဲ့တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်သာမကဘဲ အိုလမာ အစ္စလာမ် သာသာနာ့ပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ်သာသနာ့ရေးရာကောင်စီ၊ မြန်မာမွတ်စလင်လူငယ်များအဖွဲ့ချုပ်၊ မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ် စုစုပေါင်း အစ္စလာမ်အဖွဲ့ ၅ ဖွဲ့ကထုတ်ပြန်ပြီး ဖြစ်တယ်လို့လည်း ဦးမြင့်ကြိုင်က ပြောပါတယ်။

ရိုဟင်ဂျာ မွတ်စလင်တဦးကတော့ နိုင်ငံသားဖြစ်မှုအတွက် အာမခံချက်မရှိတဲ့အတွက် NVC ကတ်ကို လက်မခံချင်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။