စစ်တွေမြို့ ရဲတပ်ရင်းရှေ့ ဆိုင်တန်း မီးလောင်

ဓာတ်ပုံ မူပိုင် Rakhine Gazette
Image caption စစ်တွေ စက်ရုံတန်း စက်သုံးဆီ ဂိုဒေါင် မီးလောင်

ရခိုင်ပြည်နယ် စစ်တွေမြို့ ရဲတပ်ရင်း အမှတ် ၁၂ ရှေ့ စက်သုံးဆီ သိုလှောင်ရာ ဆိုင်ခန်းတွေမှာ ဒီဇင်ဘာ ၈ရက်နေ့ ညနေက ၅ နာရီကျော်ကြာ အကြီးအကျယ်မီးလောင်ခဲ့ပါတယ်။

မီးဟာ ည၁၀ နာရီမှ မီးညွှန့်ကျိုးသွားတဲ့ အတွက် အပျက်အစီး စာရင်းနဲ့ ဆုံးရှုံးမှု တန်ဖိုးကို ချက်ချင်း မသိနိုင်သေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်စဉ်မှာ သိုလှောင်ထားတဲ့ ဓာတ်ဆီပုံးတွေ ဆက်တိုက် ပေါက်ကွဲခဲ့တဲ့ အတွက် မီးရှိန်ပြင်းထန်ပြီး မီးသတ်ကားတွေ အနေနဲ့လည်း မီးငြိမ်းသတ်ဖို့ အနားကို မကပ်နိုင်ဘဲ အခက်အခဲရှိခဲ့တယ်လို့ မီးသတ် ဒုဦစီးမှူး ဦးစံရွှေထွန်းက ပြောပါတယ်။

အခုလို မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ချက်ချင်းမီးမငြိမ်းသတ်နိုင်ဘဲ အချိန်ယူပြီး စောင့်ကြည့်နေခဲ့ရတဲ့ အတွက် ညနေ ၄ နာရီကျော်က လောင်ကျွမ်းခဲ့တဲ့ မီးဟာ ည ၁၀ နာရီကျမှ ငြိမ်းသွားခဲ့တယ်လို့ မီးလောင်တဲ့ အခြေအနေကို ကိုယ်တိုင်သွားကြည့်ခဲ့တဲ့ ဒေသခံ ဦးအောင်သန်းဝေ က ဆိုပါတယ်။

ရခိုင်ဝန်ကြီးချုပ် ကားတန်းနား ဆွဲမိုင်းပေါက်

ဒီဇင်ဘာ ၈ရက်နေ့ တနေ့တည်းမှာတင် စစ်တွေ- ရန်ကုန် ကားလမ်းမှာလည်း အနည်းဆုံး လက်လုပ်မိုင်း လေးလုံးပေါက်ကွဲခဲ့ပြီး ဒဏ်ရာ ရမှုတွေ ရှိခဲ့သလို စစ်တွေမှာလည်း မီးအကြီးအကျယ် လောင်ခဲ့တဲ့ အတွက် ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်လျက် ရှိပါတယ်။