အချက်အလက် ရှာဖွေရေးအဖွဲ့ မလေးရှား ခရီးစဉ်ပြီးဆုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption ဇူလိုင်လတုန်းက မြန်မာဆိုင်ရာ Face Finding Mission ဥက္ကဌအဖြစ် ခန့်အပ်ခံရသူ Marzuki Darusman

လူ့အခွင့်အရေး ချိုးဖောက်မှု မတရားပြုကျင့်မှုတွေကို ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အချက်အလက် ရှာဖွေဖို့ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ ၅ ရက်ကြာ မလေးရှား ခရီးစဉ် ပြီးဆုံးသွားပါပြီ။

ခရီးစဉ်အတွင်း မလေးရှားမှာ ခိုလှုံနေတဲ့ ကချင်၊ ရှမ်း၊ ရခိုင်နဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ စကားပြောခဲ့သလို တွေ့ဆုံတဲ့သူတွေထဲမှာ မကြာသေးခင်က မလေးရှားကို ရောက်လာတဲ့သူတွေ အပြင် မလေးရှားမှာ နှစ်အတော်ကြာ နေထိုင်တဲ့သူတွေလည်း ပါဝင်တယ်လို့ မြန်မာနဲ့ ပတ်သက်ပြီး အချက်အလက် ရှာဖွေရေး မစ်ရှင် (FFMM)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ခရီးစဉ်အတွင်းမှာ စစ်ဆေး စုံစမ်း ခွင့်ရခဲ့တယ်လို့ အဖွဲ့ ဥက္ကဋ္ဌ မာဇူကီ ဒါရက်ဇ်မန်က ပြောပါတယ်။

ခရီးစဉ်အတွင်း ရှမ်း ကချင် ရခိုင်တွေဆီက ကြားခဲ့ရတာတွေက ဘင်္ဂလားဒေ့ရှ်သွားတုန်းက ရိုဟင်ဂျာတွေ ပြောပြတာနဲ့ တူတယ်လို့လည်း FFMM အဖွဲ့က ကျွမ်းကျင်ပညာရှင် ခရစ္စတိုဖာဆစ်ဒိုတီက ပြောပါတယ်။

ဒီအချက်အလက်တွေတကယ်သာမှန်ခဲ့မယ်ဆိုရင် မြန်မာ စစ်တပ်က လူ့အခွင့်အရေးကို လေးလေး နက်နက် ချိုးဖောက်ထားတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

လူ့အခွင့်အရေး အချက်အလက်တွေ ရှာဖွေရာမှာ နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ လိုက်နာဆောင်ရွက်သွားမှာ ဖြစ်သလို ရည်မှန်းချက်နဲ့ လွတ်လပ်မှုကိုလည်း ထိန်းသိမ်းသွားပြီး သက်သေ အထောက်အထားတွေ ရှိတဲ့နေရာကို သွားရောက် လေ့လာမှာပါလို့ ဒီဇင်ဘာ ၅ ရက် လူ့အခွင့်အရေး ကောင်စီ ဆွေးနွေးပွဲတုန်းက FFMM ဥက္ကဋ္ဌ မာဇူကီ ဒါရက်ဇ်မန်က ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီအဖွဲ့က တွေ့ရှိချက်တွေကို လူ့အခွင့်အရေး ကောင်စီကို ၂၀၁၈ မတ်မှာ နှုတ်အားဖြင့် တင်သွင်းမှာ ဖြစ်ပြီး စက်တင်ဘာလမှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံကို အစီရင်ခံစာ တင်ပြမှာ ဖြစ်ပါ တယ်။

မလေးရှားမှာ မြန်မာနိုင်ငံက ဒုက္ခသည် ၁ သိန်း ၃ သောင်းလောက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ ညီလာခံမှာ မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။

အရင်နှစ်မတ်လက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက FFMM ကို ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ မြန်မာနိုင်ငံထဲကို သွားရောက်ဖို့ တောင်းခံထားပေမယ့် ခွင့်ပြုချက်မရတာကြောင့် ဘင်္ဂလားဒေ့ရှ် မလေးရှားနိုင်ငံတွေကနေ တဆင့် ၂၀၁၁ ခုနှစ်ကနေ စတင်တဲ့ မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အချက်အလက် ရှာဖွေနေတာ ဖြစ်ပါတယ်။