ပြင်းထန်တဲ့ဥပဒေနဲ့ သတင်းသမားတွေကို ခြိမ်းခြောက်နေပြီလား

သတင်းလွတ်လပ်ခွင့်အတွက် လှုပ်ရှားမှု ဓာတ်ပုံ မူပိုင် PCMJ
Image caption သတင်းလွတ်လပ်ခွင့်အတွက် လှုပ်ရှားမှု

ရိုက်တာ သတင်းထောက် နှစ်ယောက်ကို လျှို့ဝှက် ဥပဒေနဲ့ ဖမ်းဆီး အရေးယူတာဟာ ကျန်သတင်းသမား တွေကိုပါ ခြိမ်းခြောက်ရာ ရောက်တယ်လို့ နိုင်ငံတကာနဲ့ မြန်မာ သတင်းထောက် အဖွဲ့တွေက ပြောပါတယ်။

ရိုက်တာ သတင်းထောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကို ဒီဇင်ဘာ ၁၂ ရက် ရန်ကုန်မြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လျှို့ဝှက် အက်ဥပဒေပုဒ်မ ၃ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ အခုပုဒ်မအရ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၁၄ နှစ် အထိ ကျနိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။

"စိုးရိမ်စရာ ကောင်းတာပေါ့။ အရင်တုန်းက ၆၆ (ဃ)တို့၊ ၅၀၅ (ခ) တို့ ဒါမျိုးနဲ့ တပ်တာ။ အခုကျတော့ တဖြည်းဖြည်းနဲ့ အမှုတွေက ပိုပိုတပ်လာတယ်။ သူတို့ဘက်က (ရဲဘက်က) လျှို့ဝှက်တဲ့ စာရွက်စာတမ်းတွေလို့ ပြောရင် သူတို့ အဖွဲ့အစည်းကို သူတို့ နိုင်အောင်ထိန်းပေါ့။ အခုကျတော့ သူတို့ဘက်က ပေးလိုက်လို့ ရလာတဲ့ဟာကို လျှို့ဝှက် အက်ဥပဒေနဲ့ညှိတယ် ဆိုတော့ ကျွန်တော်တို့ သတင်းသမားတွေကို သက်သက် ထောင်ချောက် ဆင်ပြီး ဒီကိစ္စကိုတမင်လုပ်သလား လို့တောင် ကောက်ချက်ချရမလိုဖြစ်နေတယ်" လို့ မြန်မာ သတင်းသမားများ ကာကွယ်ရေး ကော်မတီက အဖွဲ့ဝင်တယောက် ဖြစ်တဲ့ ကိုသာလွန်ဇောင်းထက်က ဘီဘီစီကို ပြောပါတယ်။

လပိုင်းအတွင်းမှာပဲ သတင်းထောက်တွေကို ဖမ်းဆီး အရေးယူမှု နှစ်ကြိမ် ဖြစ်နေတဲ့အတွက် ဒါဟာ ကျန်တဲ့ သတင်းထောက်တွေကိုပါ ခြိမ်းခြောက်နေ တယ်လို့လည်း ထိုင်းနိုင်ငံဘန်ကောက်မြို့ အခြေစိုက် နိုင်ငံခြားသတင်း ထောက်များ အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ဒိုမန်နစ် ဖော်လ်ဒါ ကပြောပါတယ်။

"ဒါဟာ ခြိမ်းခြောက်မှုပဲလို့ ကျနော်တို့ ယူဆတယ်။ ဒါဟာ သတင်းထောက်တွေ သူတို့ အလုပ်လုပ်ကိုင်ရာမှာ ခြောက်လှန့်စေတယ်။ တလောကလည်း ဒရုန်းကိစ္စနဲ့ သတင်းထောက်ကို ဖမ်းတယ်။ နောက်ပြီး တော်တော် ဟောင်းနေတဲ့ ဥပဒေ တွေနဲ့ တရားဆွဲအရေးယူတယ်" လို့ ဒိုမန်နစ်ဖော်လ်ဒါ ကပြောပါတယ်။

ယခုနှစ် ဇွန်လနှောင်းပိုင်းမှာ မတရားအသင်းအက်ဥပဒေနဲ့ ဖမ်းဆီးအရေးယူခံရလို့ ထောင်ထဲမှာ လနဲ့ချီနေခဲ့ပြီးမှ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ဧရာဝတီအကြီးတန်းသတင်းထောက် ကိုလဝီဝမ် က ရိုက်တာ သတင်းထောက်တွေကို ဖမ်းဆီးတာဟာ သတင်းသမားအတွက် စိုးရိမ်ရတဲ့အခြေအနေလို့ ပြောပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ချိုးဖောက်တာလို့ ရိုက်တာ ရှုတ်ချ

နိုင်ငံတကာခေါင်းဆောင်တွေ ဆက်လက်တောင်းဆို

ရိုက်တာ သတင်းထောက် နှစ်ယောက် ထိန်းသိမ်းခံရ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဖမ်းဆီးခံ ရိုက်တာ သတင်းထောက် နှစ်ယောက်

"ကျွန်တော် ထောင်ကလွတ်လာတဲ့အခါမှာ သူငယ်ချင်းတယောက် ကပြောဖူးတယ်။ လဝီ မင်းစားချင်သောက်ချင်တာ ကို စိတ်ကြိုက်စားပါ။ ဘာဖြစ်လို့လဲဆိုတော့ မင်း ထောင်ထဲကို နောက်တခါ ဘယ်တော့ ပြန်သွားရမလဲ ဆိုတာ ဘယ်လိုမှ မသိနိုင်ဘူး။ အခု ကျွန်တော် အကြိမ်ကြိမ် စဉ်းစားတယ်။ လက်ရှိ သတင်းအလုပ်က ထွက်ရမလား၊ ဆက်လုပ်ရမလား။ အခြေအနေက ကျွန်တော့် အတွက်ကော တခြားသတင်းထောက်အတွက်ပါ သိပ်ကို စိုးရိမ်စရာ ကောင်းပါတယ်"လို့ ကိုလဝီဝမ် ကပြောပါတယ်။

သတင်းသမားနှစ်ယောက်ကို ဖမ်းဆီးတာဟာ သတင်း လွတ်လပ်ခွင့်ကို ထိခိုက်စေပြီး ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ချက်ချင်းပြန်လွှတ်ဖို့ နယူးယောက်မြို့ အခြေစိုက် သတင်းသမားများ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ (CPJ) ကလည်း တောင်းဆိုပါတယ်။

သတင်းထောက် နှစ်ယောက် ပြန်လွတ်ဖို့အတွက် မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက လုပ်ဆောင်သွားမယ်လို့ ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။ ဥပဒေနဲ့ညီတဲ့နည်းလမ်းတွေ ဖြစ်တဲ့ လမ်းလျှောက် ဆန္ဒ ဖော်ထုတ် တာနဲ့ တခြားလှုပ်ရှားမှုတွေလည်း လုပ်ဆောင်သွားမယ်လို့ သူကပြောပါတယ်။