လူမျိုး အချက်အလက်တွေ မထုတ်ပြန်နိုင်သေး

ဓာတ်ပုံ မူပိုင် Rex Features
Image caption ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှု ပြီးဆုံးခြင်း အခမ်းအနားတရပ်က မြင်ကွင်း

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့ အစီအစဉ် ပြီးဆုံးခဲ့ပေမယ့် ကောက်ယူခဲ့တဲ့ သန်းခေါင် စာရင်းထဲက မြန်မာနိုင်ငံမှာ ရှိတဲ့ လူမျိုးတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ပြန်နိုင်တာ မရှိသေးပါဘူး။

ကောက်ယူရရှိတဲ့ လူမျိုးစာရင်းတွေကို အကုန်လုံး ပြုစု ထားပြီး ဖြစ်ပေမယ့် လူမျိုးနာမယ် တချို့ လွဲနေတာ ၊ တချို့ ဆိုရင် အုပ်စု လွဲပြီး ပါနေတာမျိုးတွေ ရှိနေတဲ့ အပြင် မတူတဲ့ အုပ်စုတွေထဲ ကြိမ်ဖန်ထပ်ခါ ပါတာတွေ ရှိနေလို့ အငြင်းပွားဖွယ် ဖြစ်နေကြောင်း အလုပ်သမားနဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဌာန ပြည်သူ့ အင်အားဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုး က ပြောပါတယ်။

နှစ်ပေါင်း ၃၁ နှစ် အတွင်း ပထမအကြိမ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောင်ယူမှုကို ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ က စတင်ခဲ့ပြီး အခုနှစ် ဒီဇင်ဘာ ၁၄ရက်မှာ ပြီးဆုံးကြောင်း အစိုးရက ကြေညာခဲ့ကာ ဒီစီမံကိန်းကို ကုလသမဂ္ဂရဲ့ လူဦးရေ ဆိုင်ရာ ရံပုံငွေ အဖွဲ့ UNFPA က ကူညီပေး ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ကောက်ယူပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံမှာ ရှိတဲ့လူဦးရေ ကျားမ အရေအတွက် ပြည်နယ် နဲ့ တိုင်းအသီးသီးမှာ နေထိုင်ကြတဲ့ လူဦးရေနဲ့ ပညာရေး ၊ ကျန်းမာရေး စတဲ့ အခြေအနေတွေ အပြင် မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ ကိုးကွယ်မှု ဆိုင်ရာ အချက်အလက်တွေကိုလဲ ထုတ်ပြန်နိုင်ခဲ့ပါတယ်။

အဲဒီအခါမှာ လူမျိုးတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ထုတ်ပြန်မယ်ဆိုရင် ဥပမာ ကချင် ဆိုရင် မျိုးနွယ်စု ခြောက်စု စလုံးပါမှ ကချင် လို့ခေါ်တာကြောင့် အခု ဆိုရင် ရဝမ် ၊ ရဝေါနဲ့ ဂျိန်းဖော စသဖြင့် ရှုပ်ယှက်ခတ် နေပြီး အဲဒီ ကချင် ထဲမှာကိုက ပြဿနာ ရှိနေတာကြောင့် အရင် သန်းခေါင်စာရင်းကောက်တုန်းကလည်း အငြင်းပွားစရာတွေ ဖြစ်ခဲ့သလို အခုထုတ်ပြန်ရင်လည်း ပြဿနာ ထပ်တက်နိုင်တယ်လို့ အရင် လွှတ်တော်တုန်းက သန်းခေါင် စာရင်းကိစ္စကို ဆွေးနွေး ခဲ့ဖူးတဲ့ ကချင် တိုင်းရင်းသူဒေါ်ဒွဲဘူ က ပြောပါတယ်။

နှစ်ပေါင်း ၃၁ နှစ် အတွင်း ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူနိုင်ခဲ့တဲ့ အတွက် မြန်မာနိုင်မှာရှိတဲ့ လူဦးရေ ၊ကျားမ အရေအတွက် ပညာရေးနဲ့ ကျန်းမာရေး စတဲ့ အချက်အလက်တွေ ရရှိလိုက်တဲ့အတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေ ရေးဆွဲရာမှာ အထောက်အကူ ဖြစ်ခဲ့ပါတယ်။