ရခိုင်ပြည်ရောက် ဝန်ကြီးချုပ်၆ယောက်

ဓာတ်ပုံ မူပိုင် New Light of Myanmar
Image caption မင်းကြီးရွာ တည်ဆောက်ဖို့ အတွက် ပန္နက်ရိုက်ထူစဉ်

ရခိုင်ပြည်နယ်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုကနေ ဝန်ကြီးချုပ်တွေ ရောက်ရှိနေပြီး ပြီးခဲ့တဲ့ သြဂုတ်လ နောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ မောင်တောဒေသကို မနေ့က သွားရောက်ခဲ့ကြပါတယ်။

ရခိုင်ကို ရောက်နေတဲ့ ဝန်ကြီးချုပ်တွေကတော့ မန္တ​လေးတိုင်း ဝန်​ကြီးချုပ်​ ​ဒေါက်​တာ ​ဇော်​မြင့်မောင်​၊ မ​ကွေးဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အောင်​မိုးညို၊ စစ်​ကိုင်းတိုင်း ဝန်​ကြီးချုပ်​ ​ဒေါက်​တာမြင့်နိုင်​၊ ၊ ရှမ်းပြည်​နယ်​ဝန်​ကြီးချုပ်​ ​ဒေါက်​တာလင်းထွဋ်​ ၊ ကချင်​ဝန်​ကြီးချုပ်​ ​ဒေါက်​တာ ခက်​​အောင်​၊ ချင်းပြည်​နယ်​ဝန်​ကြီးချုပ်​ ဆလိုင်း လျန်​လွယ်​ တို့ ဖြစ်ပါတယ်။

အဓိကကတော့ တိုင်းရင်းသားတွေ အတွက် ကျေးရွာလေးတွေ တည်ဆောက်ပေးနေရာမှာ တိုင်းဒေသ အသီးသီးက ဝန်ကြီးချုပ်တွေ အနေနဲ့ ကဏ္ဍအလိုက် ကူညီ လုပ်ပေးနိုင်တာကို တာ၀န်ယူထားကြတဲ့ အပေါ်မှာ သက်ဆိုင်ရာ လုပ်ငန်းအလိုက် ပန္နက်လာရိုက် ၊ လမ်းဖောက် ၊ ဘုန်းကြီးကျောင်း ဆောက်တာတွေ လာလုပ်ပေးကြတာလို့ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှု လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးအောင်ကျော်ဇံက ပြောပါတယ်။

အခုရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းနဲ့ပြည်နယ် အသီးသီးက စုဆောင်းရရှိထားတဲ့ အလှူငွေတွေနဲ့ လိုအပ်တဲ့ နေရာတွေမှာ ကူညီပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မောင်တော ဒေသမှာ အရင် ပြည်ထောင်စု အစိုးရက ချပေးထားတဲ့ ဘတ်ဂျက် အပြင် အခုလို ပြည်နယ်နဲ့ အတိုင်းအသီးသီးက လှူဒါန်းကူညီမှုတွေကြောင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုဟာ သိသိသာသာ မြန်ဆန်လာတယ် ဥပမာ မဟာ ဓါတ်အားလိုင်း ဆိုရင်လည်း လာမယ့်နှစ်မှာ မောင်တော ဒေသကို ရောက်ရှိလာတော့မယ် ၊ အငူ မောင်တော လမ်းဆိုရင် အေရှားဝေါလ် ကုမ္ပဏီက စခင်းနေပြီလို့ ဝန်ကြီး က ဦးအောင်ကျော်ဇံက ဆိုပါတယ်။

ရခိုင်ပြည်နယ်ဟာ သဘာဝသယံဇာတတွေ ပေါကြွယ်ဝပေမယ့်လည်း မြန်မာနိုင်ငံမှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် တစ်ခု ဖြစ်နေပြီး ခုလို အခြေအနေမှာ ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေပါ ထပ်ဖြစ်လာတဲ့ အတွက် အခြေအနေဟာ ပိုပြီး ယိုယွင်းလာခဲ့တာကြောင့် ဒီလို အခြေအနေက လွတ်မြောက်အောင် ပြည်တွင်းအားနဲ့ ပြန်လည် ထူထောင်ရေး လုပ်နေတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် တယောက်က ပြောပါတယ်။

အခုလို တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေဟာ ရခိုင်ကို လာရောက်ပြီး တိုးတက်ရေးအတွက် လာရောက်ကူညီကြပေမယ့်လည်း မတည်ငြိမ်မှုတွေနဲ့ စိန်ခေါ်မှုတွေ များစွာရှိနေတဲ့ အတွက် ရခိုင်ပြည်နယ် တိုးတက်ရေးကတော့ ထင်သလောက် မလွယ်နိုင်ဘူးလို့ လေ့လာသုံးသပ်မှုတွေလည်း ရှိနေပါတယ်။

တချိန်တည်းမှာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ ခေါင်းဆောင်တဲ့ ခြောက်ဦး ကိုယ်စားလှယ် အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒက္ကားမြို့ကို ရောက်ရှိနေပါတယ်။

နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ အနေနဲ့ သက်ဆိုင်ရာ တိုင်းပြည်က ပြည်ထဲရေးနဲ့ နိုင်ငံခြားရေး ဌာနက အဖွဲ့၀င် ၂၄ယောက်ပါ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းကာ ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးနဲ့ တခြား ကိစ္စရပ်တွေ ဆွေးနွေးဖို့ အတွက် ရောက်နေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ကြား ပြီးခဲ့တဲ့ နို၀င်ဘာ ၂၃ ရက်နေ့က ချုပ်ဆိုခဲ့တဲ့ ဒုက္ခသည် ပြန်လည်စီစစ် ခေါ်ယူရေး သဘောတူ စာချုပ် အရ နှစ်လ အတွင်း လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် ဒီကိစ္စအပေါ် ကုလသမဂ္ဂ ဆိုင်ရာ အရာရှိတွေက စိုးရိမ်ပူပန်ကြောင်း ထုတ်ပြောထားတာ ဖြစ်ပါတယ်။