ကရင်ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးမှာ စံနမူနာဟု ဒေါ်စုပြော

ဓာတ်ပုံ မူပိုင် Aung Thura
Image caption ကရင်နှစ်သစ်ကူးနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကရင်တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဟာ ပြောစမတ်စံနမူနာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၁၈ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူး အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးခရီးလမ်းကို ဖြတ်သန်းလျှောက်လှမ်းတဲ့အခါမှာလည်း ကရင်မော်ဒယ်ဆိုပြီး ပြောစမတ်တွင်ရအောင် လက်တွေ့ကျကျဦးဆောင်ပြသခဲ့တာကိုလည်း အထင်အရှား ပဲဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောပါတယ်။

"အခုဆိုရင် ကရင် ပြည်နယ်ဒေါနတောင်တန်းတွေမှာ အောင်ပွဲခံတဲ့ဖားစည်သံတွေလွင့်ပြံနေပါပြီ သေနတ်သံတွေတိတ်ဆိတ်ပြီး ငြိမ်းချမ်းခြင်းရဲ့မေတ္တာတေးသံတွေ စာသင်ကျောင်းက စာအံသံတွေနဲ့ခေါင်းလောင်းသံတွေပျံ့လွင့်နေပါပြီ" လို့ ဒေါ်စုက ပြောပါတယ်။

Image caption BBC

တိုင်းရင်းသားခေါင်းဆောင်ရဲ့ သဘောထား

ကရင်ပြည်နယ်မှာ သေနတ်သံတွေ အတော်လေး တိတ်သွားခဲ့ပေမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လမ်းခုလတ်မှာပဲ ရှိသေးတယ်လို့ ကချင်ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာ တူးဂျာက ပြောပါတယ်။

ကရင်အမျိုးအစည်းအရုံး KNU အနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဦးတည်နေပေမယ့် တစ်ချို့ ညှိနှိုင်းလို့မရတဲ့ ကိစ္စရပ်တွေကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြန့်ကြာနေပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရဖို့ဆိုရင် NCA လမ်းကြောင်းအတိုင်း သွားလို့မရဘူးလို့ ငြိမ်းချမ်းရေး လေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ကရင် နှစ်သစ်ကူးနေ့ အခမ်းအနားမှာတော့ ကရင်တိုင်းရင်းသား ခေါင်းဆောင်တွေက ကရင် တိုင်းရင်းသားတွေအနေနဲ့ ငြိမ်းချမ်းရေး ရရှိအောင် တစ်ဖက်တလမ်းက ဆောင်ရွက်ပြီး ခေါင်းဆောင်ကြီးတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ တိုက်တွန်းပြောဆိုကြပါတယ်။

ကရင်နှစ်သစ်ကူး အခမ်းအနားတွေကို ရန်ကုန်၊ နေပြည်တော်နဲ့ ကရင်ပြည်နယ်တို့မှာ အပါအဝင် နေရာအနှံအပြားမှာ ကျင်းပခဲ့ကြပါတယ်။