စွတ်ဖားဆွဲ သမင်လုံခြုံရေး အပလီကေးရှင်း

ဓာတ်ပုံ မူပိုင် ACTILITY
Image caption စွတ်ဖားဆွဲ သမင်လုံခြုံရေး အပလီကေးရှင်း

ဝက်ဝံတွေ ၊ဝံပုလွေတွေနဲ့ ကြောင်မြီးတိုတွေရဲ့ သားကောင်တွေဖြစ်ရတဲ့ စွတ်ဖားဆွဲ သမင်ကြီးတွေကို မိမိတို့ဘာသာ ကာကွယ်ဖို့ အာရုံခံစနစ် (sensor) တွေကို တပ်ဆင်ပေးထားတော့မှာဖြစ်ပါတယ်။

သမင်ထိန်းကျောင်းသူတွေအတွက်လည်း လပ်လန်း (Lapland ) တောအတွင်းမှာ လှည့်လည်နေတဲ့ သမင်တွေကို ခြေရာခံဖို့ ပိုလွယ်သွားတော့မှာ ဖြစ်ပါတယ်။

အာရုံခံစနစ်ကို သမင်အမတွေရဲ့ လည်ပင်းမှာ တပ်ဆင်ထားမှာဖြစ်ပြီး သမင်ထိန်းကျောင်းသူတွေရဲ့ စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။

ဒီနည်းနဲ့ ဒဏ်ရာရနေတဲ့ တိရိစ္ဆာန်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ကယ်တင်နိုင်မှာ ဖြစ်သလို အသတ်ခံရတဲ့ တိရိစ္ဆာန်တွေအတွက်လည်း သေဆုံးရတဲ့ အကြောင်းကို ခွဲခြားသတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ဒီစနစ်ရဲ့ နောက်ကွယ်မှာ စောင့်ကြည့် လုပ်ဆောင်သူတွေက ကျူးလွန်သူတွေကို ခြေရာခံနိုင်ဖို့လည်း နောက်နှစ်မှာ ထည့်သွင်းနိုင်ဖို့ စီစဉ်နေပါတယ်။

သမင်တွေဟာ နှစ်စဉ် ၁၀ရာခိုင်နှုန်းအထိ ယာဉ်သွားလာမှု လမ်းကြောင်းမှာ မတော်တဆဖြစ်တာနဲ့ ဝက်ဝံတွေ ဝံပုလွေတွေနဲ့ ဝက်ဝံငယ်တွေရဲ့ သားကောင်ဖြစ်တာကြောင့် အသက်ဆုံးရှုံးလေ့ရှိပါတယ်။

သမင်တွေကို အဆိုးဝါးဆုံး ဒုက္ခပေးသူတွေကတော့ ကြောင်မြီးတိုတွေဖြစ်ပြီး လာမယ့် ၂၀၁၈မှာ သူတို့ကို ခြေရာခံနိုင်ဖို့ စီစဉ်နေပြီး သမင်အုပ်စုအနား သူတို့ကပ်လာရင် အသိပေးနိုင်မှာဖြစ်ပါတယ်။

ရွေးချယ်ထားတဲ့ သမင်တချို့မှာ အာရုံခံစနစ်တွေကို သမင်အများဆုံးရှိတဲ့ စက်တင်ဘာလက တပ်ဆင်ထားခဲ့ပြီးဖြစ်ပါတယ်။

သမင်ထိန်းကျောင်းသူတွေက ခြေရာခံစနစ်ကို ဦးဆောင်တဲ့ သမင်အမတွေမှာ တပ်ဆင်ထားခြင်းဟာ အုပ်စုတခုလုံးကို တွေ့ဖို့ အမြန်ဆုံးဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

ခြေရာခံစနစ်တွေမှာ သမင်တွေရဲ့ တည်နေရာကို သိဖို့ ဂြိုလ်တု အခြေပြု ဂျီပီအက်စ် အချက်ပြစနစ်ကို အသုံးပြုထားပြီး သမင်ထိန်းကျောင်းသူတွေရဲ့ စမတ်ဖုန်းနဲ့ ဆက်သွယ်ထားမှာဖြစ်ပါတယ်။

အထူးပြုလုပ်ထားတဲ့ ကွန်ယက် စနစ်ဒီဇိုင်းကို သုံးထားတာကြောင့် မိုဘိုင်းကွန်ယက်ကို အသုံးပြုစရာ မလိုအပ်ပါဘူး။

အင်တာနက်ကို အခြေခံတဲ့ အရာဝတ္ထုတွေကို အများကြီး မျှော်လင့်ထားတယ်လို့ ဖင်လန်နိုင်ငံ သမင်ထိန်းကျောင်းသူများ အဖွဲ့အစည်းက တာဝန်ခံ မက်တိဆာကိလား က ပြောပါတယ်။

အဓိက စိန်ခေါ်မှုကတော့ ဒီနေ့ အသုံးပြုတဲ့ အာရုံခံစနစ်တွေဟာ အရွယ်အစား အတော်လေးကြီးနေသေးတာပဲလို့ သူက ဖြည့်စွက်ပြောခဲ့ပါတယ်။

"ကျွန်တော်တို့ တစ်နှစ်လောက်ခံမယ့် အာရုံခံစနစ်လိုအပ်နေပါတယ်။ အာတိတ်ဒေသမှာ ဂျီပီအက်စ် အချက်ပြစံနစ် ကောင်းကောင်းရဖို့ ခက်ခဲတဲ့အတွက် ဈေးနှုန်း သက်သာပြီး တိုးတက်တဲ့ တည်နေရာပြ နည်းပညာ လည်းလိုအပ်ပါတယ်။ ကျွန်တော်တို့ အခုတော့ အကောင်းဆုံးနည်းပညာ ပေါင်းစပ်မှုနဲ့ အကောင်းဆုံး အာရုံခံစံနစ်ကို ရရှိဖို့ အားထုတ်လုပ်ဆောင်နေပါတယ်" လို့သူက ဆိုပါတယ်။

လက်ရှိ အာရုံခံစနစ်တွေကို အင်တာနက်အခြေပြု အရာဝတ္ထုတွေက ထုတ်တဲ့ Actility ကပံ့ပိုးပေးထားပြီး

ဖင်လန်ဆက်သွယ်ရေး လုပ်ငန်းဖြစ်တဲ့ Digita က အထူးပြု အဝေးရောက် ကွန်ယက်စံနစ်ကို ထည့်သွင်းထားတဲ့ LoRaWan စံနစ်ကို Lapland ရဲ့ တောနက်ဆုံးပိုင်းထိရောက်အောင် မနှစ်ကစတင် ပံ့ပိုးပေးပါတယ်။

မြေပုံဖော်ခြင်းနဲ့ ပုံရိပ်ဖော်စံနစ်တွေကို ဖင်လန်နိုင်ငံရှိ ကနဦးစတင်တည်ထောင်တဲ့ Mapitare ဆီကနေရယူထားပြီး သူတို့ဟာ အရေးပေါ်အခြေအနေတွေအတွက် အွန်လိုင်း အသုံးပြုရန် မလိုတဲ့ မြေပုံစံနစ်နဲ့ အစပြုခဲ့ကြတာဖြစ်ပါတယ်။

သမင်များထိန်းကျောင်းပြုစုခြင်းဟာ Lapland မှာ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။

တိရိစ္ဆာန်ပေါင်း ၃ သိန်းကျော်ကို နှစ်စဉ် စီမံခန့်ခွဲလျက်ရှိပြီး အသား၊ သားမွှေး နဲ့ ဦးချိုတွေကနေ နှစ်စဉ် အမေရိကန် ဒေါ်လာ ၂၅ သန်း (ပေါင် ၁၉ သန်း) ဝင်ငွေရရှိစေတာ ဖြစ်ပါတယ်။

ဆွတ်ဖားသမင်များဟာ အများအားဖြင့် သူတို့ရွေးချယ်တဲ့ တောရိုင်းထဲမှာ လှည့်လည်ကျက်စားလေ့ရှိပြီး ဒါဟာသူတို့ကို အန္တရာယ်ကြားထဲကို ကျရောက်စေပါတယ်။

လွန်ခဲ့တဲ့လက သမင် အကောင် ၁၀ဝ လောက်ဟာ ရထားကြောင့် သေကြေခဲ့ရပြီး နော်ဝေမှာ တစ်ကြိမ်တည်း ဖြစ်ပျက်ခဲ့မှုကြောင့် သေဆုံးကြရတာ ဖြစ်ပါတယ်။

"ဒီခြေရာခံ စံနစ်က သမင်တွေအတွက်ကော၊ ထိန်းကျောင်းသူများအတွက်ပါ တကယ်အကျိုးရှိစေပါတယ်" လို့ မစ္စတာရှကီလာ ကပြောပါတယ်။

"ဒါက သိသာထင်ရှားတဲ့ အချက်တွေပါ။ ဥပမာ - ဒဏ်ရာရတဲ့ အကောင်တွေကို ကယ်ဆယ်တာနဲ့ သေသွားတဲ့ အကောင်တွေကို နစ်နာကြေးအတွက် အတည်ပြုတာတို့ပေါ့။ ဒါပေမယ့် သူတို့ကို တချိန်လုံး ခြေရာခံတဲ့အတွက် သူတို့ရဲ့ အပြုအမူကို ပိုသိလာရပြီး ပိုဂရုစိုက်လာနိုင်ပါတယ်။"လို့ သူက ပြောပါတယ်။

နည်းပညာ အကူအညီကြောင့် သမင်ထိန်းကျောင်းတဲ့သူတွေရဲ့ ဘဝကို ပိုမိုလွယ်ကူစေပါတယ်။ ဒါက လူငယ်မျိုးဆက်တွေကို ပိုပြီး စိတ်ဝင်စားလာစေတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

နည်းပညာဖက် လှည့်လာတာက ဒီအဖွဲ့အစည်းအတွက်တော့ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကတည်းက ဂျီပီအက်စ် စံနစ်ကို အသုံးပြုလာခဲ့တာ ဖြစ်ပြီး စမတ်ဖုန်း အပလီကေးရှင်း Porokello (သမင် လည်ဆွဲ ခေါင်းလောင်း) ကို ယာဉ်မောင်းတွေ အနေနဲ့ သမင်တွေကို လမ်းမကြီးတွေနား တွေ့ခဲရင် သတင်းပို့ဖို့ နဲ့ တခြားသူတွေကို သတိပေးဖို့ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။