ဒရုန်းယာဉ်သုံးခဲ့လို့ ဖမ်းဆီးခံထားရသူတွေရဲ့ အမှု ၂ ခုကို ရုပ်သိမ်းပေးဖို့ တရားလိုလျှောက်ထား

Image caption 42487845နေပြည်တော် တရားရုံးမှာ ပြီးခဲ့တဲ့ အခေါက်က ရုံးထုတ်စဉ်

နေပြည်တော် လွှတ်တော် အဆောက်အအုံတွေကို အဝေးထိန်း ဒရုန်းယာဉ်ပျံနဲ့ ရိုက်ကူးဖို့ ကြိုးစားခဲ့လို့ အဖမ်းခံထားရတဲ့ နိုင်ငံခြား သတင်းထောက် ၂ ဉီးနဲ့ မြန်မာနိုင်ငံသား ၂ ဉီးတို့ကို စွဲဆိုထားတဲ့ အမှု ၂ ခုကို ရုပ်သိမ်းပေးဖို့ တရားလိုတွေဖက်က လျှောက်ထားခဲ့ပါတယ်။

နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ ရည်ရွယ်ချက် မတွေ့ရှိရတာကြောင့်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြား သား နှစ်ဦးတို့နဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှု့ပြီး ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ၈ ကို ရုပ်သိမ်းပေးဖို့ နေပြည်တော် အမှတ် ၅ စခန်းမှူး ရဲအုပ်ထွန်းထွန်းဝင်းက တရားရုံးကို လျှောက်ထားခဲ့တယ်လို့ တရားခံရှေ့နေက ဘီဘီစီကို ပြောပါတယ်။

လဝက ဥပဒေ ပုဒ်မ ၁၃ (၁)ကိုတော့ နေပြည်တော် ဒက္ခိဏခရိုင် လ၀က ဒုဉီးစီးမှူးက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၄၉၄ အရ အမှုကို ရုပ်သိမ်းခွင့်ပေးဖို့ လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရုံးချိန်းမှာတော့ ဒီအမှုတွေကို ရုပ်သိမ်းပေးဖို့ ဥပဒေ အရာရှိက ပြင်ဆင် လျှောက်ထားမှာ ဖြစ်တယ်လို့ တရားခံ ရှေ့နေက ပြောပါတယ်။

Image caption နေပြည်တော်လွှတ်တော်

လက်ရှိမှာ တူရကီ အခြေစိုက် TRT သတင်းဌာနက နိုင်ငံခြား သတင်းထောက် ၂ ဦးအပါအဝင် မြန်မာနိုင်ငံသား စကားပြန်နဲ့ ယာဉ်မောင်းတို့ဟာ လေကြောင်းအက်ဥပဒေ ပုဒ်မ ၁၀ နဲ့ ထောင်ဒဏ် ၂ လ ချမှတ်ခံထားရပါတယ်။

ချုပ်ရက် ခံစားခွင့်ရှိနေတာကြောင့် ဒီ ၄ ဦးဟာ လာမယ့် ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြန်လည်လွတ်မြောက်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လျော့ရက် ခံစားခွင့်ရရင် လာမယ့် ရုံးချိန်းမှာ ပြန်လည် လွတ်မြောက်လာဖို့ မျှော်လင့်မိတယ်လို့ တရားခံရှေ့နေဖက်က ပြောပါတယ်။

ဒီလူ ၄ ဦးဟာ အောက်တိုဘာလ ၂၇ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပုဒ်မ ၃ ခုနဲ့ တရား ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ