ထိန်းသိမ်းခံ သတင်းသမားနှစ်ဦးကို ဒုတိယအကြိမ် ရမန်ယူ

Image caption ရိုက်တာသတင်းထောက်တွေကို ဒုတိယ အကြိမ် ရမန်ယူ

ပြီးခဲ့တဲ့ နှစ်ပတ်က ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို ဒီဇင်ဘာလ ၂၇ ရက်နေ့က မင်္ဂလာဒုံ တရားရုံးမှာ နောက်ထပ် ချုပ်ရက် ၁၄ ရက်ရယူဖို့ ဒုတိယ အကြိမ် ရမန်ယူ ရုံးထုတ်ခဲ့ပါတယ်။

ရုံးထုတ်စဉ်အတွင်း မိသားစုဝင်တွေနဲ့ကော မိတ်ဆွေတွေနဲ့ပါ သူတို့နှစ်ဦး ပထဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့ပါတယ်။

အထိန်းသိမ်းခံထားရတဲ့ သတင်းထောက် ကိုဝလုံးကတော့ သူတို့အနေနဲ့ သတင်းသမား ကျင့်ဝတ်တွေကို ချိုးဖောက်ထားခြင်း မရှိဘူးလို့ တရားရုံးထုတ်စဉ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သူတို့နှစ်ဦးကို အင်းစိန်မှာရှိတဲ့ စီအိုင်ဒီ အထူးစုံစမ်းစစ်ဆေးရေးရုံးမှာ ထိန်းသိမ်း စစ်ဆေးနေတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ တရားမဝင် သတင်းရယူပြီး နိုင်ငံခြား သတင်းဌာနကို ပေးပို့ဖို့ စီစဉ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခံထားရတာ ဖြစ်ပြီး နိုင်ငံတော် လျှို့ဝှက် ဥပေဒ ပုဒ်မ ၃ နဲ့ အမှုဖွင့်ခံထားရပါတယ်။

ဒီပုဒ်မဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်ပါတယ်။

ရိုက်တာ သတင်းထောက်အရေး ပွင့်လင်းမြင်သာမှု ရှိဖို့ ပန် မြန်မာ တောင်းဆို

နိုင်ငံတကာခေါင်းဆောင်တွေ ဆက်လက်တောင်းဆို

ရိုက်တာ သတင်းထောက် နှစ်ယောက် ထိန်းသိမ်းခံရ

ဖမ်းထားတဲ့ သတင်းထောက်တွေကို ရုံးထုတ်ဖွယ်ရှိ

သတင်းထောက်တွေကို ဖမ်းထားတာ တစ်ပတ်ရှိပြီ

ရိုက်တာအမှုဆက်ဖို့ ရဲကို အစိုးရတာဝန်ပေး

သတင်းထောက်တွေဟာ သတင်းကျင့်ဝတ်ကို ချိုးဖောက်ခြင်း မရှိပဲ သတင်းရေးဖို့ အချက်အလက်စုဆောင်းတာ ဖြစ်ပြီး အခုလိုမျိုး ပုဒ်မနဲ့ မစွဲဆိုသင့်ဘူးလို့ ဒီသတင်းထောက်တွေရဲ့အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

သူတို့နှစ်ဦးကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာတော့ မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာ ဖြစ်တယ်လို့ ရှေ့နေဦးသန်းဇော်အောင်က ပြောပါတယ်။

အခုလို သတင်းထောက် ၂ ယောက် ဖမ်းဆီးထိန်းသိမ်းခံရတာဟာ မြန်မာနိုင်ငံတွင်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တိုက်ခိုက်လိုက်တာ ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ဝေဖန်ထားသလို သူတို့နှစ်ဦး လွတ်မြောက်ဖို့အတွက် ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ အီးယူ ဥရောပ သမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း တောင်းဆိုနေကြပါတယ်။