၈၈မျိုးဆက် ဖက်ဒရယ်ဒီမိုကရက်တစ် အင်အားစု ဖွဲ့စည်း

ဓာတ်ပုံ မူပိုင် FDF
Image caption FDF အဖွဲ့ ကချင်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးကို ရည်ရွယ်တဲ့ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစု အဖွဲ့ FDF ဆိုပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ ကိုထွန်းမြင့်အောင် တို့ ဦးဆောင်ပြီး ဖွဲ့စည်းလိုက်ပါတယ်။

ဒီအဖွဲ့ဟာ မြန်မာပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့ အဓိက ဦးစားပေးလုပ်ဆောင်သွားမှာ ဖြစ်သလို တန်းတူညီမျှ အခွင့်အရေးတွေ ရဖို့၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ထွန်းကားဖို့ကိုလည်း လုပ်ဆောင်သွားမယ်လို့ ကိုမြအေးက ဘီဘီစီကို ပြောပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ကတည်းက ဒီအင်အားစုအဖွဲ့ရဲ့ ပထမဆုံး ခရီးစဉ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်ခဲ့ပြီး အဲဒီ့မှာ ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ကချင်နိုင်ငံရေး ပါတီ ၃ ခုအပါအဝင် ကချင်လက်နက်ကိုင် ကေအိုင်အို အဖွဲ့ ခေါင်းဆောင်တွေနဲ့ကော ကချင်အတိုင်ပင်ခံ ကောင်စီက တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

လောလောဆယ်မှာတော့ နိုင်ငံရေး ပါတီ အဖြစ် ရပ်တည်သွားဖို့ အစီအစဉ် မရှိသေးပေမယ့် ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားသွားမယ်လို့ ကိုမြအေးက ပြောပါတယ်။

၈၈ ကျောင်းသား ခေါင်းဆောင်တစ်ချို့ဟာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းမှာ ကျန်ရှိခဲ့ပြီး၊ တစ်ချို့ကတော့ ၈၈၈၈ အမည်နဲ့ နိုင်ငံရေး ပါတီ ထူထောင်ခဲ့ကြပါတယ်။